October 20, 2025

မီဇိုရမ်မှာ ရခိုင်ကုန်သည်တစ်ဦး ဓါးမြတိုက်ခံရပြီး ရူပီး ၁၀ သိန်းကျော်ပါသွား

0

Chinland Channel / ၉ အောက်တိုဘာ ၂၀၂၅

မီဇိုရမ်ပြည်နယ်၊ လုံးလေခရိုင်ထဲမှာ ရခိုင်ကုန်သည်တစ်ဦး၊ စကားပြန်နဲ့ ကားသမား တို့စီးနင်းတဲ့ ကားတစ်ဦး ကို စက်တင်ဘာလ ၃၀ ညမှာ မျက်နှာဖုံးလူတစ်စုက ဓါးမြတိုက်ခဲ့ပြီး ရခိုင်ကုန်သည်ထံကနေ ရူပီး ၁၀ သိန်းကျော် လုသွားကြကြောင်း ဒေသတွင်းသတင်းများကဖော်ပြထားပါတယ်။

ဖြစ်စဉ်မှာ ရခိုင်ကုန်သည်ဖြစ်တဲ့ Mongkhoisu အသက် ၆၂ နှစ်၊ စကားပြန်အဖြစ်လိုက်ပါလာတဲ့ Teatei Mong Tongchangya အသက် ၄၅ နှစ် နဲ့ ကားပိုင်ရှင် Sujit Chakma အသက် ၃၆ နှစ်တို့ဟာ လောင်တလိုင်ကနေ Silchar ဘက်ကို ဦးတည်သွားခဲ့ရာ စက်တင်ဘာလ ၃၀ ရက် ည ၈ နာရီနဲ့ ၉ နာရီကြားမှာ မျက်နှာဖုံးထားတဲ့ လူ ၅ ဦးက ကားကိုတားပြီး ဓါးမြတိုက်ခဲ့ခြင်းဖြစ်ပါတယ်။

လုံးလေခရိုင်၊ Zotuitlang နဲ့ Haulawng ကျေးရွာကြားအရောက်မှာ မျက်နှာဖုံးစွက် လူ ၅ ဦးက ပစ္စတို နဲ့ ဓါး များ ကိုင်ဆောင်ကာ Mongkhoisu ပါလာတဲ့ ငွေ ရူပီး ၁၀ သိန်း၊ စကားပြန် Teatei Mong Tongchangya ထံက ရူပီး တစ်သောင်း နဲ့ ကားသမား Sujit Chakma ရဲ့ ဖုန်းနဲ့ ရူပီး ၅၀၀၀ တို့ကို လုယူထွက်ပြေးခဲ့ကြတာလို့ဆိုပါတယ်။

ဒီကိစ္စ လုံးလေခရိုင်ရဲတပ်ဖွဲ့ထံရောက်ရှိပြီးနောက် လုံးလေရဲတပ်ဖွဲ့က ချက်ချင်းစုံစမ်းစစ်ဆေးမှုများပြုလုပ်ခဲ့ရာ တရားခံများဖြစ်ကြတဲ့ Mithun Chakma အသက် ၃၇ နှစ်၊ Subaranta အသက် ၄၀ နှစ် နဲ့ Sandip Kumar Chakma အသက် ၂၁ နှစ်တို့ကိုဖမ်းဆီးနိုင်ခဲ့ပါတယ်။

ရဲတပ်ဖွဲ့ဟာ ဒီဖြစ်စဉ်ကို အသေးစိတ်စစ်ဆေးခဲ့ရာ အဆိုပါကား ပိုင်ရှင်လည်းဖြစ် ၊ မောင်းနှင်သူလည်းဖြစ်တဲ့ Sujit Chakma ဟာ ဒီဖြစ်စဉ်အတွင်းပါဝင်ပတ်သက်ခဲ့ကြောင်းဖော်ထုတ်နိုင်တာကြောင့် သူ့ကိုပါဖမ်းဆီးသွား ကြောင်း၊ ဒီဖြစ်စဉ်ဟာ ကြိုတင်အစီအစဉ်ချပြီးလုပ်ဆောင်ဆောင်ခဲ့တာဖြစ်ကြောင်း သိရပါတယ်။

ဒီဖြစ်စဉ်မှာ ပါဝင်ပတ်သက်သူ အားလုံးမှာ လူ ၆ ဦးဖြစ်ကြပြီး လက်ရှိမှာ ၄ ဦးကိုဖမ်းဆီးထားကာ နှစ်ဦး လွတ်မြောက်ဆဲဖြစ်ပါတယ်။

လွတ်မြောက်နေတဲ့နှစ်ဦးတို့ဟာ Santi Prasad နဲ့ Niramodin Chakma တို့ဖြစ်ကြပြီး ဓါးမြတိုက်ထားတဲ့ ငွေကြေးများကိုလည်းသူတို့က ယူဆောင်သွားကြကြောင်း၊ သူတို့နှစ်ဦးကို ဖမ်းဆီးနိုင်ဖို့အစွမ်းကုန်ကြိုးစားနေ ကြောင်း နဲ့ အစအနသိရှိသူများရှိပါက သတင်းပေးပို့ကြရန် လုံးလေခရိုင်ရဲမှူးက အသိပေးထားပါတယ်။

သတင်း – Jessie
ပုံအညွှန်း – လက်ရှိလွတ်မြောက်နေတဲ့ တရားခံနှစ်ဦး
ဓါတ်ပုံ – လူမှုကွန်ယက်

About The Author

Leave a Reply

Your email address will not be published. Required fields are marked *

You may have missed