မင်းတပ်တွင် စစ်ကော်မရှင်တပ်က စာသင်ကျောင်းများ ပစ်မှတ်ထားတိုက်ခိုက်မှုကြောင့် ကြားကာလ ပြည်သူ့အခြေပြုကျောင်းများ ခေတ္တပိတ်ထားမည်ဟုဆို
Chinland Channel / ၁၀ အောက်တိုဘာလ ၂၀၂၅
ချင်းပြည်တောင်ပိုင်း၊ မင်းတပ်မြို့နယ်တွင် စစ်ကော်မရှင်တပ်မှ စာသင်ကျောင်းများ ပစ်မှတ်ထားတိုက်ခိုက်လာမှုကြောင့် ကြားကာလပြည်အသူ့အခြေပြုကျောင်းများအနေဖြင့် ခေတ္တကျောင်းပိတ်ထားရန် မင်းတပ်မြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က သတင်းထုတ်ပြန်သည်။
စစ်ကော်မရှင်တပ်မှ ကလေးသူငယ်များကို ဦးတည်ကာ စာသင်ကျောင်းများ၊ ဘော်ဒါဆောင်များအား လေကြောင်းတိုက်ခိုက်မှုကြောင့် ကြားကာလပြည်အသူ့အခြေပြုကျောင်းများအားလုံး ၂၀၂၅ခုနှစ်၊ အောက်တိုဘာလ ၁၀ရက်နေ့မှ စ၍ ခေတ္တပိတ်ထားရန်ညွှန်ကြားထားခြင်းဖြစ်သည်။
မင်းတပ်မြို့နယ်၊ မြို့နယ်ပညာရေးဘုတ်အဖွဲ့ လက်အောက်ရှိ ကြားကာလ ပြည်သူ့အခြေပြု စာသင်ကျောင်းများကို စစ်ကော်မရှင်တပ်မှ တိုက်ခိုက်နေသည့်အတွက် အပြစ်မဲ့သော ကျောင်းသား၊သူများ နှင့် ပြည်သူများ ထိခိုက်သေဆုံးခဲ့ရသည့်အပေါ် စိတ်မကောင်းဖြစ်ရန်ကြောင်း မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ ၏ အကြောင်းကြားစာတွင် ရေးသားထားသည်။
ထိုအချက်များကြောင့် အောက်တိုဘာလ ၁၀ရက်နေ့မှစ၍ ကျောင်းဖွင့်လှစ်ရန် ညွှန်ကြားချက် ထုတ်ပြန်သည့်အချိန်အထိ ခေတ္တပိတ်ထားရန် ညွှန်ကြားထားကြောင်း သိရသည်။
အောက်တိုဘာလ ၉ရက်နေ့တွင် မင်းတပ်မြို့နယ် တိုက်နယ်အမှတ် (၂)ရှိ ဝမ္မသူးရွာနှင့် ထင်ချောင်းရွာတို့ကို စစ်ကော်မရှင်တပ်မှ ဂျက်ဖိုက်တာဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ပြီး ကျောင်းသားသုံးဦးနှင့် ဆောင်နေ မသန်စွမ်းအမျိုးသမီးတစ်ဦးသေဆုံးကာ ၁၀ဦးကျော် ဒဏ်ရာရရှိခဲ့ကြောင်း ချင်းဒေသကာကွယ်ရေးတပ်(CDF)- မင်းတပ်ထံမှ သိရသည်။
လေကြောင်းတိုက်ခိုက်ခဲ့သည့်ရွာများသည် စစ်ဘေးရှောင်များ နေထိုင်ရာ နေရာဖြစ်သည့်အပြင် စစ်ရှောင်ကလေးများ စာသင်ကြားပေးသည့် နေရာလည်းဖြစ်ပြီး တိုက်ခိုက်မှုကြောင့် နေအိမ်ခြောက်လုံး ထိခိုက်ပျက်စီးခဲ့ကြောင်းလည်း သိရသည်။
ပြီးခဲ့သည့် အောက်တိုဘာလ ၄ရက်တွင်လည်း မင်းတပ်မြို့အမှတ်(၂) နေရာကို လေကြောင်းတိုက်ခိုက်မှုနှစ်ကြိမ်ပြုလုပ်ခဲ့သဖြင့် ပြည်သူသုံးဦးပြင်းထန်စွာဒဏ်ရာရခဲ့ပြီး လူနေအိမ်အချို့ ထိခိုက်ပျက်စီးသွားကြောင်း သိရသည်။
သတင်း -Joshua
ဓာတ်ပုံ-CDF- mindat
