December 5, 2025

စစ်တပ်အာဏာသိမ်းသည့် ၄နှစ်ကျော်အတွင်း ချင်းလူမျိုး ၁၈၃ဦး သတ်ဖြတ်ခံရ၊ ၃၈၃ဦး ဖမ်းဆီးခံရ

0

Chinland Channel/ ၁ ဒီဇင်ဘာ ၂၀၂၅

စစ်တပ်အာဏာသိမ်းသည် ၂၀၂၁ ခုနှစ်မှ ၂၀၂၅ ခုနှစ် နိုဝင်ဘာလအထိ ၄ နှစ်ကျော်ကာလအတွင်း ဖမ်းဆီးခံခဲ့သည့် ချင်းလူမျိုး နိုင်ငံရေးအကျဥ်းသား ၁၈၃ဦးသတ်ဖြတ်ခံရပြီး စုစုပေါင်း ၃၈၃ ဦးဖမ်းဆီးခံခဲ့ရကြောင်း နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း(AAPP)က ယနေ့တွင် ထုတ်ပြန်သည်။

ဖမ်းဆီးသတ်ဖြတ်ခံရသူများသည် စစ်အုပ်စုတပ်သားများ၊ အရာရှိများ၊ လက်ပါးစေများက ဖြစ်စေ လူပုဂ္ဂိုလ်တစ်ဦးတစ်ယောက် သို့မဟုတ် တော်လှန်ရေးတပ်သားတစ်ဦးဦးကို နည်းလမ်းမျိုးစုံသုံး၍ ဖမ်းဆီးထိန်းသိမ်းပြီးနောက် အင်အားသုံး၍ဖြစ်စေ ၊ အကျဥ်းသားများအပေါ် ပြုမူဆက်ဆံ ရမည့်စံနှုန်းများကို လျစ်လျူရှု ဥပေက္ခာပြုကာ ဖမ်းဆီးခံရသူများအား အသက်သေဆုံးစေခြင်းဖြစ်သည်ဟု AAPP က ရှင်းပြထားသည်။

မြန်မာတနိုင်ငံလုံးတွင် စစ်တပ်အာဏာသိမ်းမှု ၄နှစ်ကျော်ကာလအတွင်း ဖမ်းဆီးခံရသည့်နိုင်ငံရေးအကျဥ်းသား ၃၀၀၄၅ဦးရှိပြီး အမျိုးသမီး ၆၁၉၃ဦးနှင့် ကလေးငယ် ၆၂၉ဦး ပါဝင်သည်ဟု သိရသည်။

လက်ရှိတွင် နိုင်ငံရေးအကျဥ်းသူ အမျိုးသမီး ၄၂၉၆ဦးနှင့် ကလေးငယ် ၂၄၉ဦးပါအဝင် ၂၂၇၀၄ဦး ထိန်းသိမ်းချုပ်နှောင်ခံနေရဆဲဖြစ်ကြောင်း AAPP ၏ မှတ်တမ်းများအရ သိရသည်။

တနိုင်ငံလုံးအတိုင်းအတာအနေဖြင့် စစ်အုပ်စုကြောင့် အရပ်သား ၇၅၀၀ဦးသေဆုံးခဲ့ပြီး ထိုအထဲမှ အမျိုးသမီး ၁၉၂၈ဦး၊ ကလေးငယ် ၉၇၄ဦးရှိပြီး ဖမ်းဆီးပြီးနောက် အသတ်ခံရသူ ၂၂၃၃ဦးရှိကြောင်း AAPP က ထုတ်ပြန်သည်။

ထိုသေဆုံးစာရင်းများသည် အတည်ပြုထားနိုင်သည့် အရေအတွက်သာဖြစ်ပြီး အတည်ပြုရန်လိုအပ်နေသည့် အရေအတွက် ၄၂၀၀ဝန်းကျင်ကို သီးခြားပြုစုထားသည်ဟု ဆိုသည်။

သတင်း-Joshua

About The Author

Leave a Reply

Your email address will not be published. Required fields are marked *