စစ်တပ်လေကြောင်းတိုက်ခိုက်မှုကြောင့် Cinkhua ကျေးရွာမှသက်ကြီးပိုင်း အမျိုးသားအပါအဝင် ၄ ဦးဒဏ်ရာရ ၊ Zokhua နဲ့ Lumbang ကျေးရွာတို့ကိုပါလေကြောင်းတိုက်ခိုက်
Chinland Channel / ၁၉ ဖေဖော်ဝါရီ ၂၀၂၆
အကြမ်းဖက်စစ်တပ်က ဒီကနေ့ ဖေဖော်ဝါရီလ ၁၉ ရက် မနက် ၁ နာရီ နဲ့ ၂ နာရီကြားမှာ ဟားခါးမြို့နယ် ၊ မီအေ ဒေသ Cinkhua ကျေးရွာ နဲ့ Zokhua ဒေသ Zokhua ကျေးရွာတို့အပြင်ဖလမ်းမြို့နယ်၊ Lumbang ကျေးရွာ တို့ကို လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။
အကြမ်းဖက်စစ်တပ်ရဲ့လေကြောင်းတိုက်ခိုက်မှုကြောင့် Cinkhua ကျေးရွာမှ သက်ကြီးပိုင်းအမျိုးသားအပါအဝင် ၄ ဦးထိခိုက်ဒဏ်ရာရရှိခဲ့ပြီး နှစ်ဦးကတော့ ဒဏ်ရာပြင်းထန်ကြောင်း၊ လူနေအိမ် ၄ လုံးထက်မနည်းလည်း ပျက်စီးသွားကြောင်း ဒေသခံသတင်းအရင်းအမြစ်က Chinland Channel ကိုပြောပါတယ်။
အဆိုပါ လေကြောင်းတိုက်ခိုက်မှုကြောင့် Cinkhua ကျေးရွာမှ အသက် ၈၀ ဝန်းကျင် Pu That Luai နဲ့ အသက် ၅၀ ကျော်အရွယ် Pu Ceu Hlei တို့က ဒဏ်ရာအပြင်းအထန်ရရှိခဲ့ပြီး သူတို့နှစ်ဦးအား ဟားခါးဆေးရုံကို ပို့ဆောင်ပေးခဲ့တယ်လို့ သိရပါတယ်။
“မနက်အစောကြီး ၁ နာရီ နဲ့ ၁ နာရီကြားမှာလာကြဲတာပါ။ ဒဏ်ရာရသူတွေက အမျိုးသားနှစ်ဦး၊ အမျိုးသမီး နှစ်ဦး အားလုံး ၄ ဦးရှိတယ်။ သူတို့အနက် Pu That Luai နဲ့ Pu Ceu Hlei တို့က ဒဏ်ရာပြင်းထန်ပြီးဟားခါးဆေးရုံ ပို့ ထားတယ်။ ကျန်တဲ့အမျိုးသမီးနှစ်ဦးကဒဏ်ရာမပြင်းဘူး။ လူနေအိမ်ကတော့ အနည်းဆုံး ၄ အိမ်ပျက်စီးခဲ့ပြီး တော့ တစ်အိမ်ကအပြင်းအထန်ပျက်စီးသွားတယ်။” လို့ ဒေသခံအမျိုးသားတစ်ဦးက Chinland Channel ကို ပြောပါတယ်။
အလားတူ Zokhua ကျေးရွာကိုလည်းအကြမ်းဖက်စစ်တပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် လူနေအိမ် ၅ လုံးထက်မနည်းပျက်စီးခဲ့ပေမယ့် ပျက်စီးမှုမပြင်းထန်ကြောင်း၊ ဒေသခံများထိခိုက်ဒဏ်ရာရမှုမရှိ ကြောင်း သိရပါတယ်။
ဒါ့အပြင် အကြမ်းဖက်စစ်တပ်က ဖလမ်းမြို့နယ်၊ Lumbang ကျေးရွာကို လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့လို့ အမျိုးသမီးတစ်ဦး မစိုးရိမ်ရဒဏ်ရာရပြီးလူနေအိမ်တစ်ချို့လည်းပျက်စီးသွားတယ်လို့သိရပါတယ်။
အကြမ်းဖက်စစ်တပ်ဟာ ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ၁၀ ရက်နေ့မှာလည်း ထန်တလန်မြို့နယ်၊ ခွါလ်ဟရိန်းတောင် ကြော၊ တလန်ခွါကျေးရွာကိုလေကြာင်းကနေဗုံးကြဲတိုက်ခိုက်ခဲ့လို့ အမျိုးသား ၆ ဦးသေဆုံးခဲ့ပြီး အများအပြား ဒဏ်ရာရခဲ့ကြပါတယ်။
သတင်း – Jessie


