ကန်ပက်လက်မှာ လေကြောင်းရန်ကြောင့်လူစုလူဝေးမလုပ်ဖို့နဲ့ကတုတ်ကျင်းများထပ်လုပ်ကြဖို့ အသိပေး
Chinland Channel / ၂၇ အောက်တိုဘာ ၂၀၂၅
ချင်းပြည်နယ်တောင်ပိုင်း၊ ကန်ပက်လက်မြို့နယ်ထဲကိုအကြမ်းဖက်စစ်တပ်က လေကြောင်းတိုက်ခိုက်မှု ဆက်တိုက်လုပ်ဆောင်နေတာကြောင့် လူစုလူဝေးဖြစ်စေတဲ့ပွဲများကိုရှောင်ကြဖို့နဲ့ ကတုတ်ကျင်းများထပ်လုပ်ကြ ဖို့ ကန်ပက်လက်မြို့နယ်၊ ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က မနေ့အောက်တိုဘာ ၂၆ ရက်မှာအသိပေးထားပါတယ်။
အကြမ်းဖက်စစ်တပ်ဟာ ပြီးခဲ့တဲ့ အောက်တိုဘာလ ၂၄ ရက်နေ့ နံနက် ၉ နာရီ ခွဲမှာ ကန်ပက်လက်မြို့၊ မြို့မ(၂) ရပ်ကွက်ကို ဂျက်ဖိုက်တာ နှစ်စီးဖြင့် ပေါင် ၅၀၀ ဗုံးသီးများဖြင့် ကြဲချတိုက်ခိုက်ခဲ့တဲ့အပြင် အောက်တိုဘာလ ၂၅ ရက်နေ့ ည ၈ နာရီ ၂၀ မိနစ်တွင်လည်း ထပ်ပြီးဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ဆိုပါတယ်။
အကြမ်းဖက်စစ်တပ်ရဲ့အဆိုပါလေကြောင်းတိုက်ခိုက်ခဲ့ခြင်းကြောင့် ပြည်သူ ၃ ဦး သေဆုံးပြီး ၁၅ ထက်မနည်း ဒဏ်ရာပြင်းထန်ရရှိတဲ့အပြင် ပြည်သူနေအိမ် ၅ လုံး၊ အဆောက်အဦး ၃ လုံး ပျက်စီးခဲ့တယ်လို့ဆိုပါတယ်။
အကြမ်းဖက်စစ်တပ်ဟာ ပြည်သူနဲ့တော်လှန်ရေးအဖွဲ့ကိုခွဲခြားခြင်းမရှိဘဲ အဆုံးစွန်ထိရက်စက်ကြမ်းကြုတ်မှုများ ကျူးလွန်လာနေပါသဖြင့်လေကြောင်းအန္တရယ်မှ ကြိုတင်ကာကွယ်နိုင်မယ့်ကတုတ်ကျင်းများထပ်လုပ်ဖို့ နဲ့ လူစု လူဝေးဖြစ်စေတဲ့ဘယ်လိုပွဲမျိုးကိုမှမကျင်းပကြဖို့ အသိပေးထားပါတယ်။
သတင်း – Jessie


