ကနေဒီတောင်ကို ချင်းတော်လှန်ရေးတပ်ဖွဲ့များ ပြန်လည်သိမ်းပိုက်
Chinland Channel / ၄ ဇန်နဝါရီ ၂၀၂၆
ချင်းပြည်၊ တီးတိန်မြို့နယ်အတွင်းရှိ ကနေဒီတောင်ကို ချင်းတော်လှန်ရေးတပ်ဖွဲ့များက ဒီမနက်မှာပဲ ပြန်လည်သိမ်းပိုက်နိုင်ခဲ့ပြီ ဖြစ်ကြောင်း သိရှိရပါတယ်။ ကနေဒီတောင်မှာ တပ်စွဲနေထိုင်လျက်ရှိတဲ့ စစ်ကော်မရှင်တပ်ကို CDF-CDM Siyin နဲ့ PDF-Zoland ပူးပေါင်းတပ်တို့ လွန်ခဲ့တဲ့ ဒီဇင်ဘာလကုန်ဝန်းကျင်ကနေ စတင်ထိုးစစ်ဆင် တိုက်ခိုက်ခဲ့ရာ ဒီကနေ့ ဇန်နဝါရီ ၄ ရက်နေ့ မနက်ပိုင်းမှာပဲ ပြန်လည်သိမ်းပိုက်နိုင်ခဲ့တာ ဖြစ်ပါတယ်။
“ ပြန်သိမ်းနိုင်တာကတော့ ဒီမနက် ၆ နာရီခွဲဝန်းကျင်လောက်မှာပါ။ Siyin နဲ့ Zoland တို့ ပူးပေါင်းပြီး တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့တာ ဖြစ်ပါတယ်။ ကိုယ့်ဘက်ကတော့ အထိအခိုက် အကျအဆုံး မရှိပါဘူး။ ရန်သူဘက်တော့ အထိအခိုက် အကျအဆုံး ရှိပေမယ့် အတိအကျ ပြောလို့ မရနိုင်သေးဘူး။ စတိုက်ခဲ့တာကတော့ မနှစ် ဒီဇင်ဘာ ၂၇ ရက်လောက်ကတည်းက ဖြစ်ပါတယ်။ “ လို့ ယုံကြည်စိတ်ချရတဲ့ ရှေ့တန်းသတင်းရင်းမြစ်က Chinland Channel ကို ပြောပါတယ်။
ကနေဒီတောင် သိမ်းပိုက်နိုင်မှုနဲ့ ပါတ်သက်ပြီး CDF-CDM Siyin ဘက်ကရော PDF-Zoland ဘက်ကနေပါ တရားဝင် ထုတ်ပြန်ပြောဆိုမှုတော့ မရှိသေးပါ။ ဒါပေမယ့် သိမ်းပိုက်နိုင်မှုဟာ မှန်ကန်ကြောင်း CDF-CDM Siyin တာဝန်ရှိသူတစ်ဦးက Chinland Channel ကို အတည်ပြုပါတယ်။
ယခုရက်ပိုင်းအတွင်းမှာလည်း ချင်းပြည်ကို တက်လာတဲ့ စစ်ကော်မရှင်တပ်များနဲ့ ချင်းတော်လှန်ရေးတပ်များအကြား တိုက်ပွဲတွေ ပြင်းထန်နေပြီး ဖလမ်းမြို့နယ်တွင်း တိုက်ပွဲတွေမှာ စစ်ကော်မရှင်တပ်သားတွေ အရှင်အဖမ်းခံရသလို လက်နက်ခဲယမ်း သိမ်းဆည်းမိတာတွေလည်း ရှိတယ်လို့ သိရပါတယ်။
ဓါတ်ပုံ – လူမှုကွန်ယက်

