ဟွာလ်းငိုးရမ်ဒေသ၏လုံခြုံရေး ထိပါးနှောင့်ယှက်သူများကို ပြင်းပြင်းထန်ထန်အရေးယူမည်ဟု CDF-Hualngoram ထုတ်ပြန်
Chinland Channel / ၂၂ နိုဝင်ဘာ ၂၀၂၄
ချင်းပြည်နယ်၊ ဟွာလ်းငိုးရမ်ဒေသတွင်းရှိ အများပြည်သူများ၏ လုံခြုံရေးကို မူးယစ်ရမ်းကားပြီး ထိပါး နှောင့်ယှက်သူများကို ပြင်းပြင်းထန်ထန်အရေးယူမည့်အကြောင်း CDF-Hualngoram မှ နိုဝင်ဘာလ ၂၁ ရက်စွဲဖြင့် သတင်းထုတ်ပြန်သည်။
ထုတ်ပြန်ချက်ထဲတွင် ရိဒ်ခေါဒါရ်မြို့အပါအဝင် ဟွာလ်းငိုးရမ်ဒေသအတွင်း မည်သည့်လက်နက်ကိုင်တပ်ဖွဲ့မှ ဖြစ်စေ၊ ပြည်သူများမှဖြစ်စေ မူးယစ်ရမ်းကား၍ လက်နက်ကိုင်ဆောင်ခြင်း၊ သေနတ်ပစ်ဖောက်ခြင်းများဖြစ်ပေါ် လာပါက ပြင်းပြင်းထန်ထန်အရေးယူမည်ဟု ဆိုထားသည်။
ထို့အပြင် ဟွလ်းငိုးရမ်ဒေသ၌ အုပ်ချုပ်ရေး၊ တရားဥပဒေစိုးမိုးရေးယန္တရားများ ဖော်ဆောင်လျက်ရှိပြီး ပြည်သူ များ၏ လုံခြုံရေးကို ထိပါးနှောင်ယှက်ခြင်း၊ ခြိမ်းခြောက်ခြင်း များဖြစ်ပေါ်စေပါက CDF-Hualngoram အနေဖြင့် လိုအပ်သည့်အရေးယူဆောင်ရွက်မှုများလုပ်ဆောင်သွားမည်ဟုဆိုသည်။
“ အဓိက ကျနော်တို့ မြို့ဧရိယာပေါ့နော်၊ ရိဒ်ခေါဒါ မြို့ဧရိယာမှာကျတော့ ချင်းတော်လှန်ရေးတပ်ဖွဲ့တွေတင် မဟုတ်ဘူး၊ မြေပြန့် ကလေး ကဘော်ဘက်ကပဲ ဖြစ်ဖြစ်၊ ဟိုးအဝေးကပဲ ဖြစ်ဖြစ် ဒီကိုလာတာလည်းများတယ်။ တချို့ကျတော့ လက်နက်ကိုင်ပြီး ဝင်လာတာတွေလည်း ရှိတယ်။ အဲ့လိုလက်နက်ကိုင် တပ်ဖွဲ့တွေအပြင် ကျနော်တို့ ပြည်သူတွေထဲကပဲ ဖြစ်ဖြစ် တခါတလေ မူးပြီးတော့ သေနတ်ပစ်ဖောက်တဲ့ဟာတွေ၊ ပြည်သူတွေကို ထိတ်လန့်ခြောက်ခြားအောင် လုပ်တဲ့ဟာတွေ ရှိတယ်။ ဒါတွေက လတ်တလောမှာ ကျနော်တို့ ကြုံနေတာ ဖြစ်တော့ ဒီဟာကို တရားဝင် အများပြည်သူဖြစ်ဖြစ် ဒေသအသီးသီးက လက်နက်ကိုင် တော်လှန်ရေးအဖွဲ့တွေကိုဖြစ်ဖြစ် သိရှိအောင် ထုတ်ပြန်ရခြင်း ဖြစ်တယ်။ ပြီးတော့ ကျနော်တို့က ဒီလိုမျိုးကိစ္စတွေ ရှိလာလို့ အရေးယူဆောင်ရွက်မှုတွေရှိခဲ့ရင် ပြောစရာလည်းမဖြစ်အောင် ကြိုတင်ပြီးတော့ ထုတ်ပြန်ရခြင်းပါ။ “ ဟု CDF-Hualngoram မှ တာဝန်ရှိသူတစ်ဦးက Chinland Channel ကိုပြောသည်။
CDF-Hualngoram သည်ချင်းပြည် (Chinland ) ကောင်စီ၊ ချင်းပြည်အစိုးရ တို့နှင့် စစ်ရေး၊နိုင်ငံရေး ပူးပေါင်း လုပ်ဆောင်သည့်အဖွဲ့အစည်းဖြစ်ပြီး၊ ၂၀၂၃ ခုနှစ် နိုဝင်ဘာလ ၁၃ ရက်၌ ရိဒ်ခေါဒါရ်မြို့ကို ချင်းအမျိုးသားတပ်ဦး CNA အပါအဝင် ပူးပေါင်းတပ်ဖွဲ့များနှင့် အတူသိမ်းပိုက်နိုင်ခဲ့သည်။
သတင်း – Jessie
