ဟားခါးတွင် ပြည်သူ့စစ်တစ်ဦးကို CDF Hakha ဖမ်းဆီး၊ စစ်ကောင်စီတပ်သား တစ်ဦးအလင်းဝင်
Chinland Channel / ၁၄ ဇူလိုင် ၂၀၂၅
ချင်းပြည်၊ ဟားခါးမြို့တွင် ပြည်သူ့စစ်တစ်ဦးကို ဖမ်းဆီးခဲ့ပြီး စစ်ကောင်စီတပ်သားတစ်ဦးလည်း အလင်းဝင်လာကြောင်း Chinland Defense Force – Hakha က ယနေ့တွင် သတင်းထုတ်ပြန်သည်။
ဇူလိုင်လ ၁၃ရက်နေ့တွင် ဟားခါးမြို့တွင်း၌ ပြည်သူ့စစ်တစ်ဦး ဖမ်းဆီးခဲ့ပြီး ဇူလိုင်လ ၁၀ရက်နေ့တွင်လည်း စစ်သားတစ်ဦးသည် စစ်ကောင်စီကို ဆန့်ကျင်ပြီး လက်နက်ခဲယမ်းများနှင့်အတူ အလင်းဝင်လာသည်ဟု ဆိုသည်။
အလင်းဝင်လာသော စစ်ကောင်စီတပ်သားကို ငွေသားဆုကြေးများ ချီးမြှင့်ပြီး လုံခြုံသည့်နေရာရောက်သည်အထိ တာဝန်ယူဆောင်ရွက်ပေးမည်ဖြစ်ကြောင်း ထုတ်ပြန်သည်။
ဇူလိုင်လ ၆ရက်နေ့တွင်လည်း ဟားခါးမြို့ရှိရဲတပ်သားတစ်ဦးသည် Chinland Defense Force – Hakha အလင်းဝင်ခဲ့ပြီး ၎င်းကို ငွေသားဆုကြေးများ ချီးမြှင့်ကာ လုံခြုံသည့်နေရာရောက်သည်အထိ တာဝန်ယူဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
၂၀၂၅ခုနှစ်အတွင်း ဟားခါးမြို့ရှိ ရဲတပ်ဖွဲ့ဝင် ၄ ဦး ၊ စစ်ကောင်စီတပ်သား၆ဦးနှင့် ပြည်သူ့စစ်အဖွဲ့ဝင် ၁၁ဦးသည် Chinland Defense Force – Hakhaထံ အလင်းဝင်ပူးပေါင်းခဲ့ကြပြီး ဟားခါးမြို့ပေါ်တွင် ပြည်သူယောင်ဆောင် သတင်းထောက်နေသော ရဲတပ်သား ၄ဦးကိုလည်း ဖမ်းဆီးထိန်းသိမ်းထားကြောင်း Chinland Defense Force – Hakha၏ ထုတ်ပြန်ချက်များအရသိရသည်။
စစ်ကောင်စီ လက်အောက်တွင် တာဝန်မထမ်းဆောင်ချင်ဘဲ ပြည်သူ့ရင်ခွင်သို့ ဘက်ပြောင်းချင်သူများအား အမြဲတမ်းကြိုဆိုကြောင်း နှင့် လုံခြုံသည့်နေရာ ရောက်သည်အထိ တာဝန်ယူမည်ဖြစ်ကြောင်း Chinland Defense Force – Hakha မှ အသိပေးသည်။
သတင်း-Joshua
ဓာတ်ပုံ- Chinland Defense Force – Hakha

