လောင်တလိုင်မြို့က ချင်းစစ်ဘေးရှောင်အိမ်ဖောက်ထွင်းခံရပြီး ရူပီး သုံးသောင်းကျော်တန်ဖိုးရှိချင်းရိုးရာ အထည်များခိုးယူခံရ
Chinland Channel / ၁၃ နိုဝင်ဘာ ၂၀၂၄
မီဇိုရမ်ပြည်နယ်၊ လောင်တလိုင်မြို့ပေါ်တွင်အိမ်ငှါးနေထိုင်သည့် ချင်းစစ်ဘေးရှောင်မိသားစုသည် ယမန်နေ့ နိုဝင်ဘာလ ၁၂ ရက်မနက်ပိုင်းမှာ ငှါးရမ်းနေအိမ် ဖောက်ထွင်းခံရပြီး ရူပီး သုံးသောင်းကျော်တန်းဖိုးရှိ ချင်းရိုးရာအထည်များ ခိုးယူခံရကြောင်းသိရသည်။
ချင်းပြည်နယ်၊ ထန်တလန်မြို့ပေါ်မှ လောင်တလိုင်မြို့ကို စစ်ဘေးရှောင်လာကြပြီး Chanmary ရပ်ကွက်တွင် အိမ်ခန်းငှါးနေသော ဦးဇာမ်ဘီလ်း မိသားစုသည် ထမင်းစားရန်အတွက် အိမ်အောက်ထပ်ဆင်းချိန်တွင် အိမ်ဖောက်ထွင်းခံခဲ့ရခြင်းဖြစ်သည်။
“မနေ့က အိမ်အောက်မှာရှိတဲ့ ကျွန်မညီမတို့အိမ်ကိုထမင်းစားဖို့ဆင်းကြတာ။မနက် ၉ နာရီခွဲလောက်မှာဖြစ်မယ်။ ကျွန်မတို့သိပ်မကြာပါဘူး။ အဲဒီအချိန်လေးတွင်းမှာ သူခိုးက သော့ခတ်ထားတဲ့ တံခါးကိုဖျက်ပြီးတော့အိမ်ထဲ အကုန်မွှေသွားတာ။ ကျွန်မတို့အမွေလိုထားထားတဲ့ ချင်းရိုးရာဝတ်စုံ တစ်စုံ၊ ချင်းရိုးရာထမိန် နှစ်ထည် တန်ဖိုးအား ဖြင့်တော့ ဒီကပေါက်စျေးအတိုင်းဆိုရူပီး ၃ သောင်းနဲ့ ၄ သောင်းကြားမှာရှိမယ်။” – ဟု အခိုးခံရသည့်အိမ်ပိုင်ရှင်က Chinland Channel ကိုပြောသည်။
ဆက်လက်ပြီးသူက – “ ကျွန်မတို့က စစ်ဘေးရှောင်တွေလေ။ ထန်တလန်မှာလည်းကျွန်မတို့အိမ်တွေအကုန်လုံး လောင်ကုန်ပြီ၊ ဒီမှာရှိတာလေးနဲ့ ကြိုးစားဝယ်ထားတဲ့အရာကို ရုတ်တရက်အခိုးခံလိုက်ရတာ အရမ်းဝမ်းနည်းတာပေါ့။ အဆိုးဆုံးက ဒီမှာခိုးမှုဖြစ်ဖြစ်၊ တစ်ခုခုပြစ်မှုကျူးလွန်တာတွေရှိရင် ပတ်ဝန်းကျင်တွေက စစ်ဘေးရှောင်တွေ ပဲဖြစ်မှာပါဆိုပြီးတော့ စောင်းပြောကြတယ်။ ကိုယ့်အိမ်ကိုအခိုးခံရတာတောင် ကိုယ့်လို စစ်ဘေးရှောင်တွေကို မသင်္ကာသလိုကြည့်ကြတာ ရင်နာဖို့ကောင်းတယ်။ “ ဟု ဆက်ပြောသည်။
လောင်တလိုင်မြို့ပေါ်မှာ ယခင်ကလည်း ချင်းစစ်ဘေးရှောင်အိမ်တစ်ချို့ ဖောက်ထွင်းခံရပြီး၊ ငွေကြေးနှင့်ပစ္စည်းပျောက်ဆုံးခြင်း ရှိကြောင်းသိရသည်။
ချင်းပြည်နယ်၊ ထန်တလန်နှင့် ဟားခါးဘက်မှ စစ်ရှောင်လာကြပြီး လောင်တလိုင်မြို့ထဲတွင်အိမ်ငှါးနေထိုင်ကြသော အိမ်ထောင်စု ၈၀ ကျော်ရှိနေပြီး လူဦးရေအားဖြင့် ၃၀၀ ကျော်ရှိကြောင်း လောင်တလိုင်မြို့ စစ်ဘေးရှောင်များထံကသိရသည်။
ဓါတ်ပုံ – လောင်တလိုင်မြို့ လမ်းဆုံ
သတင်း – Jessie
