ရန်ကုန် – မန္တလေး လမ်းဟောင်းပေါ်ရှိစစ်ကောင်စီဂိတ်စခန်း ၇ ခု နဲ့ မုံရွာမြို့နယ်က MRTV အသံလွှင့်တာဝါတိုင် ကုန်းတို့တိုက်ခိုက်ခံရ
Chinland Channel / ၂၇ ဖေဖော်ဝါရီ ၂၀၂၅
ရန်ကုန် – မန္တလေးလမ်းဟောင်းပေါ်မှာရှိတဲ့ အကြမ်းဖက်စစ်ကောင်စီဂိတ်စခန်း ၇ ခု နဲ့ မုံရွာမြို့နယ်ရှိ MRTV အသံလွှင့်တာဝါတိုင် ကုန်းတို့တိုက်ခိုက်ခံခဲ့ရာ အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၉ ဦးသေဆုံးကြောင်း NUG ကာကွယ်ရေးဝန်ကြီးဌာန နဲ့ အမှတ် ၁ စစ်ဒေသတို့က ဒီကနေ့ ဖေဖော်ဝါရီ ၂၇ ရက်နေ့မှာအသိပေးထားပါတယ်။
ရန်ကုန် – မန္တလေး လမ်းဟောင်းပေါ်က ပဲခူးတိုင်း၊ ကျောက်တံခါးမြို့နယ်၊ ဖြူးမြို့နယ်အတွင်းရှိစစ်ကောင်စီ တပ်ဖွဲ့များ အခြေချတပ်စွဲထားတဲ့ ဂိတ်စခန်း (၇)ခုကို ဖေဖော်ဝါရီ ၂၅ နဲ့ ၂၆ ရက်တို့မှာတိုက်ခိုက်ခဲ့ခြင်းဖြစ် တယ်လို့ဆိုပါတယ်။
အဆိုပါတိုက်ခိုက်မှုကိုပြည်သူ့ကာကွယ်ရေးတပ်မတော်၊ တောင်ပိုင်းစစ်ဒေသ၊ အမှတ် ၂ စစ်ဒေသခွဲ လက်အောက်ရှိ အမှတ် (၃၇၀၂) တပ်ရင်း၊ အမှတ် (၃၅၀၂) တပ်ရင်း၊ Spring Warrior Column တပ်ရင်း၊ အာဠာဝကစစ်ကြောင်း(၇၈၀၃)၊ ဧရာဝတီစစ်ကြောင်း(၆၀၀၂)၊ စစ်တောင်းစစ်ကြောင်း၊ ရန်ကုန် ပကဖ၊ ဖြူး ပကဖ တို့နဲ့ KNLA တပ်ရင်း ၉ တို့ ပူးပေါင်းပြီးတိုက်ခိုက်ခဲ့ခြင်းဖြစ်ကာ တော်လှန်ရေးတပ်ဖွဲ့ဝင်တစ်ဦး ကျဆုံး ခဲ့တယ်လို့ဆိုပါတယ်။
အလားတူ မုံရွာမြို့နယ်ရှိ MRTV အသံလွှင့်တာဝါတိုင်ကုန်းစခန်းကို မနေ့ဖေဖော်ဝါရီ ၂၆ ရက်မနက်ပိုင်း မှာ သိမ်းပိုက်ထားနိုင်ကြောင်း NUG လက်အောက်ခံ အမှတ် ၁ စစ်ဒေသက ထုတ်ပြန်ထားပါတယ်။
အဆိုပါတိုက်ခိုက်မှုကို မုံရွာခရိုင် ကွပ်ကဲရေးမှူး ကွပ်ကဲမှုဖြင့် မုံရွာခရိုင် ကွပ်ကဲရေးရုံးအဖွဲ့၊ မုံရွာခရိုင် ဒရုန်းတပ်ဖွဲ့၊ မုံရွာခရိုင် လက်နက်ကြီးတပ်ဖွဲ့၊ မုံရွာခရိုင် တပ်ရင်း (၁၊ ၄၊ ၆၊ ၁၆၊ ၂၄၊ ၂၇)၊ ဗျူဟာ (၆၁၊ ၆၄)၊ စစ်ကိုင်းခရိုင် တပ်ရင်း-၂ ဒရုန်းတပ်ဖွဲ့ (GTR)၊ မုံရွာခရိုင် ပကဖ တိုက်ခိုက်ရေးအဖွဲ့ (Danger Force LPDF)၊ မုံရွာခရိုင် ပကဖ ဒရုန်းအဖွဲ့၊ မုံရွာမြို့နယ် ပကဖ၊ အရာတော်မြို့နယ် တိုက်နယ်-၁၁ ဒရုန်းအဖွဲ့၊ BLDF ပူးပေါင်းအဖွဲ့တို့မှတိုက်ခိုက်ခဲ့ခြင်းဖြစ်ပါတယ်။
MRTV အသံလွှင့်တာဝါတိုင်ကုန်းစခန်းတိုက်ပွဲမှာ အကြမ်းဖက်စစ်ကောင်စီဘက်က လေကြောင်း ပစ်ကူ လက်နက်ကြီးပစ်ကူတို့ဖြင့် ခုခံခဲ့ပေမယ့် စခန်းကိုသိမ်းပိုက်နိုင်ခြင်းဖြစ်ကာ ရန်သူဘက်မှ ၁၁ ဦးသေဆုံးတဲ့အပြင် G-3 (၅) လက်၊ Uzi (၃) လက်၊ M-79 (၂) လက်၊ G-3 ကျည် (၂၅၇၀) တောင့်၊ 9mm ကျည် (၂၁၂၈) တောင့်၊ ၄၀ မမ ဗုံးသီး (၁၀) လုံး၊ ရှေ့ထွက်မိုင်း (၂) လုံး၊ ကျည်အိမ် (၆) ခု၊ TV (၁) လုံး တို့ သိမ်းဆည်းနိုင်ခဲ့တယ်လို့ အမှတ် ၁ စစ်ဒေသက အသိပေးထားပါတယ်။
သတင်း – Jessie
ပုံအညွှန်း – MRTV တာဝါတိုင်ကုန်း မှသိမ်းဆည်းရမိတဲ့လက်နက်ခဲယမ်းများနဲ့ ရန်ကုန်-မန္တလေးလမ်းဟောင်း ပေါ်က တိုက်ခိုက်ခံရတဲ့ စစ်တပ်စခန်းများ
ဓါပုံ – အမှတ် ၁ စစ်ဒေသ / NUG – MOD


