မီဇိုရမ်မှာ မတူပီစစ်ဘေးရှောင်လူငယ်တစ်ဦး မတော်တဆဓာတ်လိုက်လို့သေဆုံး
Chinland Channel / ၅ ဇွန်လ ၂၀၂၅
မီဇိုရမ်ပြည်နယ်၊ လောင်တလိုင်မြို့ပေါ် မှာ စစ်ဘေးရှောင်နေတဲ့ မတူပီလူငယ်တစ်ဦးဟာ ဒီကနေ့ ဇွန်လ ၅ ရက်နေ့ နေ့လယ်ပိုင်းလောက်မှာ မတော်တဆဓာတ်လိုက်ခံရလို့သေဆုံးသွားခဲ့တယ်လို့ သိရပါတယ်။
လောင်တလိုင်မြို့၊ ကောင်စီရပ်ကွက်ရှိ မတူပီစစ်ဘေးရှောင်စခန်းက ဆလိုင်း စိုးဝင်းနိုင် အသက် ၂၀ နှစ်ဟာ ဒီကနေ့ အလုပ်လုပ်တဲ့နေရာမှာ မတော်တဆဓာတ်လိုက်ခြင်းခံခဲ့ရတာလို့သိရပါတယ်။
“ဒီမနက်မှာ ကျွန်တော့်အိမ်လည်းလာသေးတယ်။ အဲ့ကနေအလုပ်လုပ်ဖို့သွားမယ်ပြောပြီးတော့ တက်သွားတာ။ လောင်တလိုင်မြို့၊ပြည်သူ့ဆေးရုံကို ဆေးသုတ်ကြတာလို့တော့သိရတယ်။ အဲ့မှာ မတော်တဆ ဓာတ်လိုက်ခံရတာ ပါ။” လို့ ကောင်စီရပ်ကွက် စစ်ဘေးရှောင်စခန်းမှာနေထိုင်သူတစ်ဦးက Chinland Channel ကိုပြောပါတယ်။
ဒါ့အပြင် လောင်တလိုင်ခရိုင်ရှိ LIKBK ဘာသာရေးအဖွဲ့အစည်းရဲ့ ချင်းစစ်ဘေးရှောင် စစ်ဘေးရှောင်ညှိနှိုင်းရေး တာဝန်ခံ Rev Vanlaldinpuia က “ကောင်စီရပ်ကွက် စစ်ဘေးရှောင်စခန်းမှာနေထိုင် ဆလိုင်းစိုးဝင်းနိုင် ဟာ ဒီကနေ့ မှာ မတော်တဆ ဓာတ်လိုက်မှုကြောင့်သေဆုံးသွားပါတယ်။ ကျန်ရစ်သူမိသားစုများအား ဘုရားသခင် နှစ်သိမ့်ပါစေ။” လို့ သူ့ရဲ့လူမှုကွန်ယက်စာမျက်နှာကနေ အသိပေးထားပါတယ်။
ဆလိုင်းစိုးဝင်းနိုင်ရဲ့ ရုပ်အလောင်းကို ကောင်စီရပ်ကွက်က သူတို့နေထိုင်တဲ့အိမ်မှာ ထားရှိပြီး မနက်ဖြန်မှာ မြေမြုပ် သဂြိုလ်သွားမယ်လို့သိရပါတယ်။
သတင်း – Jessie
ပုံအညွှန်း – ဓာတ်လိုက်သေဆုံးသွားတဲ့ ဆလိုင်းစိုးဝင်းနိုင်အားတွေ့ရစဉ်
ဓါတ်ပုံ – လူမှုကွန်ယက်

