မဏိပူရ်ပြည်နယ်ရှိ ချင်း (ဇို)လူမျိုးများသီးခြားအုပ်ချုပ်ခွင့်ရရန်နဲ့ အိန္ဒိယ-မြန်မာနယ်စပ်လွတ်လပ်စွာဖြတ်သန်း ခွင့် ရှိရန် ZORO မှပြည်ထဲရေးဝန်ကြီးထံတင်ပြ
Chinland Channel / ၁၇ မတ် ၂၀၂၅
Zo Re-Unification Organisation – ZORO တာဝန်ရှိသူများဟာမနေ့ မတ် ၁၆ ရက်မှာ မီဇိုရမ်ပြည်နယ်ကို ရောက်ရှိနေတဲ့ အိန္ဒိယဗဟိုအစိုးရ၊ ပြည်ထဲရေးဝန်ကြီးကိုသွားရောက်တွေ့ဆုံခဲ့ပြီး မဏိပူရ်ပြည်နယ်ရှိ ချင်း (ဇို)လူမျိုးများသီးခြားအုပ်ချုပ်ခွင့်ရရန်နဲ့ အိန္ဒိယ-မြန်မာနယ်စပ်လွပ်လပ်စွာဖြတ်သန်းခွင့် ရှိရန်တင်ပြခဲ့တယ်လို့ All India Radio News Aizawl က ဒီကနေ့ဖော်ပြထားပါတယ်။
ပြည်ထဲရေးဝန်ကြီး Amit Shah နဲ့ ZORO တို့တွေ့ဆုံစဉ် လက်ရှိ မဏိပူရ်ပြည်နယ်မှာဖြစ်ပွားနေတဲ့ Meitei နဲ့ ကူကီးတို့ ကြား ပဋိပက္ခမှာ ကူကီး (ဇို) လူမျိုးများအခက်အခဲပေါင်းစုံကြုံတွေ့နေကြောင်း၊ မဏိပူရ်ပြည်နယ်ထဲမှာ Meitei နဲ့ ကူကီး (ဇို) မျိုးနွယ်စုများ အုပ်ချုပ်မှုတစ်ခုအောက်မှာ အတူနေထိုင်ဖို့မဖြစ်နိုင်ကြောင်း နဲ့ ကူကီး (ဇို) လူမျိုးများ အတွက် သီးခြားအုပ်ချုပ်မှုတစ်ခုလိုအပ်ကြောင်းအိတ်ဖွင့်စာပေးခဲ့တယ်လို့ သိရပါတယ်။
ဒါ့အပြင်ယခင်အချိန်ကြာကြီးကတည်းကပင် ရှိခဲ့တဲ့အိန္ဒိယ – မြန်မာနယ်စပ်အားလွပ်လပ်စွာဖြတ်သန်းခွင့် ( Free Movement Regime – FMR ) ကို ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီ ၁ ရက်နေ့ကစလို့ အိန္ဒိယအစိုးရကဖျက်သိမ်းပြီး နယ်စပ်ဖြတ်ကျော်လိုသူ များအနေဖြင့် နယ်စပ်ဖြတ်ကျော်ခွင့် ထောက်ခံစာလိုအပ်လာတာကြောင့် ဒေသခံများ အခက်အခဲမျိုးစုံကြုံတွေ့ နေကြကြောင်း၊ ဒီကိစ္စကို နောက်ထပ်ပြန်လည်သုံသပ်ပေးဖို့နဲ့ FMR ကိုမူလအတိုင်း ပြန်လည်ထားရှိဖို့ တင်ပြထား ပါတယ်။
အိန္ဒိအစိုးရအနေနဲ့ အိန္ဒိယ-မြန်မာနယ်စပ်တစ်လျှောက်ကိုခြံစည်းရိုးခတ်ရန်ပြင်စဉ်နေမှုအပေါ် ခြံစည်းရိုး ခတ်မည်ဆိုပါက နယ်စပ်ဒေသမှာနေထိုင်တဲ့ ဌာနေတိုင်းရင်းသားများအတွက်ကြီးမားတဲ့ အခက်အခဲကြုံတွေ့မှာ ဖြစ်ကြောင်း၊ ကုလသမဂ္ဂက သဘောတူခွင့်ပြုပေးခဲ့တဲ့ မျိုးနွယ်စုတူ ညီအကိုအချင်းချင်းကြားလွတ်လပ်စွာ အတူ ကူးလူးဆက်ဆံခွင့်တွေကို ဆုံးရှုံးသွားမှာဖြစ်ကြောင်းဆိုပါတယ်။
ZORO အဖွဲ့ဟာ မီဇိုရမ်ပြည်နယ်အတွင်းအခြေစိုက်တဲ့ အရပ်ဘက်အဖွဲ့အစည်းတစ်ခုဖြစ်ပြီး ဗြိတိသျှအစိုးရရဲ့ နယ်နိမိတ်သတ်မှတ်မှုကြောင့် မြန်မာနိုင်ငံ၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံနဲ့ အိန္ဒိယနိုင်ငံစတဲ့ ၃ နိုင်ငံမှာနေထိုင်ကြတဲ့ ချင်း (ဇို) လူမျိုးများအားလုံးစုပေါင်းပြီး အုပ်ချုပ်မှုတစ်ခုအောက်မှာနေထိုင်ဖို့ လိုလားတဲ့အဖွဲ့အစည်းဖြစ်ပါတယ်။
သတင်း – Jessie
ပုံအညွှန်း – ပြည်ထဲရေးဝန်ကြီး Amit Shah နဲ့တွေ့ဆုံခဲ့ကြတဲ့ ZORO ခေါင်းဆောင်များ
ဓါတ်ပုံ – All India Radio news Aizawl
