October 6, 2025

မင်းတပ်မြို့နယ်တွင် ခွေးရူးပြန်ကာကွယ်ဆေး အခမဲ့ထိုးနှံပေး

0

Chinland Channel/ ၂၇ ဖေဖော်ဝါရီ ၂၀၂၅


ချင်းပြည်နယ်၊ မင်းတပ်မြို့နယ်တွင် အိမ်မွေးတိရစ္ဆာန်ဖြစ်သည့် ခွေး၊ ကြောင်တို့ကို ခွေးရူးပြန်ကာကွယ်ဆေး အခမဲ့ထိုးနှံပေးပြီး ပညာပေးဟောပြောပွဲများ ပြုလုပ်ပေးခဲ့သည်ဟု မင်းတပ်မြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က ယနေ့တွင် ထုတ်ပြန်သည်။

မင်းတပ်မြို့သိမ်းတိုက်ပွဲပြီးဆုံးပြီးနောက် ပြန်လည်နေထိုင်မည့် ပြည်သူများ ဘေးအန္တရာယ်ကင်းစေရေးအတွက် ရည်ရွယ်ပြီး မြို့အတွင်းနှင့် မြို့ပတ်ဝန်ကျင်က ကျေးရွာများတွင် မွေးမြူထားသော အိမ်မွေးခွေးနှင့်ကြောင်များအား ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့၊မွေးမြူရေးနှင့် ကုသရေးဌာနမှ ခွေးရူပြန်ကာကွယ်ဆေး(Anti-Rabies Vaccine-Nobivac USA)အားထိုးနှံပေးခြင်းဖြစ်ကြောင်း သိရသည်။

ထို့အပြင် လူများအား ကူးစက်နိုင်သည့် ကျွဲ၊ နွားနောက်များတွင် အဖြစ်များသည့် ဒေါင့်သန်းရောဂါနှင့် ခွာနာလျှာနာရောဂါများအတွက်လည်း ကာကွယ်ထိန်းချုပ်မှု အစီအမံများ ဆောင်ရွက်လျက်ရှိကြောင်း မွေးမြူရေးနှင့် ကုသရေးဌာန တာဝန်ရှိသူတစ်ဦးထံမှ သိရသည်။

မင်းတပ်မြို့အား ချင်းညီနောင်စစ်ဆင်ရေးအဖြစ် ၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာလ ၂၁ ရက်တွင် အပြီးသတ်သိမ်းနိုင်ခဲ့ပြီးနောက် အိုးအိမ်စွန့်ခွာရသည့် ပြည်သူများအတွက် ပြန်လည်နေရာချထားနိုင်ရေးနှင့် ပြန်လည်ထူထောင်ရေး လုပ်ငန်းများကို မင်းတပ်မြို့နယ်ပြည်သူ့ အုပ်ချုပ်ရေးအဖွဲ့နှင့် ချင်းကာကွယ်ရေးတပ်ဖွဲ့(မင်းတပ်)က ဆောင်ရွက်နေခြင်းဖြစ်သည်။

ချင်းကာကွယ်ရေးတပ်ဖွဲ့(မင်းတပ်) ထိန်းချုပ်နယ်မြေအတွင်း နေထိုင်ကြသည့် အရပ်သားပြည်သူ များအနေဖြင့် မင်းတပ်မြို့သိမ်းတိုက်ပွဲမှ ထွက်ပြေးလာသော စစ်ကောင်စီတပ်ဖွဲ့ဝင်များထံမှ ဖြစ်စေ၊ အခြားနည်းဖြင့် ဖြစ်စေ ရရှိထားသော တိုက်ခိုက်ရေးမောင်းပြန်ရိုင်ဖယ် (Assault Rifle) အပါအဝင် လက်နက်ခဲယမ်းများကို မိမိတို့နီးစပ်ရာ တပ်ရင်းတပ်ဖွဲ့များထံ ၂၀၂၅ခုနှစ်၊ မတ်လ ၁၅ ရက်နေ့ နောက်ဆုံးထားအပ်နှံရန် အသိပေးထားသည်။


သတင်း- Joshua
ဓာတ်ပုံ- မင်းတပ်မြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့

About The Author

Leave a Reply

Your email address will not be published. Required fields are marked *

You may have missed