October 6, 2025

ပလက်ဝမြို့နယ်ပညာရေးဘုတ်အဖွဲ့ စိန်ခေါ်မှုပေါင်းစုံကြုံနေပြီး အကူအညီလိုအပ်နေ

0

Chinland Channel / ၁၅ နိုဝင်ဘာလ ၂၀၂၄

စစ်တပ်အာဏာသိမ်းပြီးနောက် ၊ ချင်းပြည်နယ် တောင်ပိုင်း ပလက်ဝမြို့နယ်အတွင်း ဖွဲ့စည်းခဲ့သည့် ပလက်ဝမြို့နယ်၊ ပညာရေးဘုတ်အဖွဲ့သည် ပညာရေးကဏ္ဍနှင့်ပက်သက်ပြီးစိန်ခေါ်မှုအမြောက်အများကြုံနေရကာ အကူအညီလိုအပ်နေကြောင်း တာဝန်ရှိသူထံမှ သိရှိရသည်။

ပလက်ဝမြို့နယ်ထဲမှ ကလေးသူငယ်များ ပညာရေးနှင့် အလှမ်းမဝေးစေရန် ရည်ရွယ်ချက်ဖြင့် ၂၀၂၂ မှာဖွဲ့စည်းခဲ့သည့် အဆိုပါ ဘုတ်အဖွဲ့သည် လက်ရှိ တာဝန်ယူသင်ကြားပေးနေသည့်ဆရာ/မ များထောက်ပံ့ကြေး၊ ပညာသင်ကလေးငယ်များအတွက် စာအုပ်စာတမ်းနှင့် ကျောင်းသုံး ပစ္စည်းကိရိယာများ အပြင် ကျောင်းအုပ်ချုပ်မှုဆိုင်ရာ အတက်ပညာသင်တန်းများလည်း အမြန်ဖွင့်လှစ်ဖို့ လိုအပ်နေကြောင်း သိရသည်။

ပလက်ဝမြို့နယ်ပညာရေးဘုတ်အဖွဲ့သည် ပလက်ဝမြို့နယ်အတွင်း ဒေသ ၄ ခုခွဲကာ ပညာရေးလုပ်ငန်းစဉ် များကိုဖော်ဆောင်လျက်ရှိပြီး ပြည်တွင်းမှာကျောင်းပေါင်း ၉၆ ကျောင်း နှင့်မီဇိုရမ်ပြည်နယ်ထဲ စစ်ဘေးရှောင် သည့်နေရာတွင် ၁၁ ကျောင်း၊ အားလုံးပေါင်း ၁၀၇ ကျောင်းရှိကာ ကျောင်းသား/သူပေါင်း ၇၀၅၄ဦး ရှိပြီး ဆရာ/မ ပေါင်း ၅၄၈ ဦးရှိကြောင်း သိရသည်။

ကြုံတွေ့နေရသည့် စိန်ခေါ်မှုများနဲ့ပက်သက်ပြီး ဘုတ်အဖွဲ့တာဝန်ခံက – “ လက်ရှိသင်ကြားပေးနေတဲ့ ဆရာ/မ များက စေတနာ့ဝန်ထမ်းအနေနဲ့လုပ်နေတဲ့သူတွေများတော့ ကျောင်းအုပ်ချုပ်ပုံ၊ သင်ကြားနည်းနဲ့ ပတ်သက်တဲ့ သင်တန်း အမြန်ဆုံးပေးဖို့ ဘက်ဂျက်လိုနေတယ်။ အခု ကလေးတွေစာသင်ကြားနိုင်ဖို့ လိုအပ်တဲ့ စာအုပ်၊ ပုံနှိပ်စာအုပ်၊ ဘောပင် နဲ့ ခဲတံ ကအစ လိုအပ်ချက်အရမ်းများနေတယ်။ ပြီးတော့အခု ဆရာ/မတွေကို ထောက်ပံ့ကြေးကောင်းကောင်း မပေးနိုင်လို့ နောက်နောင် စာသင်မဲ့လူလျော့သွားမှာကိုအဓိကစိုးရိမ်နေတယ်။” – ဟု Chinland Channel ကိုပြောသည်။

ပလက်ဝမြို့နယ်အတွင်း ပညာရေးလုပ်ငန်းများလည်ပတ်နိုင်ရေးအတွက် ချင်းပြည်နယ်မြောက်ပိုင်း၊ နှာဟရိန်မြို့ နဲ့ ရေဇွာ မြို့များအထိ ကျောင်းသုံးကိရိယာများသွားဝယ်ရကြောင်း၊ ခရီးဝေးလွန်း၍ သယ်ယူစရိတ်တွေလည်း စျေးကြီးကြောင်း ၎င်းတာဝန်ခံကထပ်လောင်းပြောသည်။

စတင်ဖွင့်လှစ်ခဲ့သည့်နှစ်မှစပြီး အဖွဲ့အစည်းတခုခု၏ ထောက်ပံ့ကူညီခြင်းကိုမှမရရှိပဲ လည်ပတ်နေသော အဆိုပါ ကျောင်းများသည်အဓိကအားဖြင့် ပြည်သူများကိုအားထားနေရပြီး ကိုယ့်ကျေးရွာတွင်စာသင်ပေးသည့် ဆရာ/မ များအတွက်ထောက်ပံ့ကြေးများကိုလည်း ပြည်သူများမှသာ ထည့်ဝင်ပေးနေသည်ဟု သိရသည်။ 

ပလက်ဝမြို့နယ် ပညာရေးဘုတ်အဖွဲ့သည် NUG ပညာရေးဝန်ကြီးဌာနအပြင် ချင်းပြည်အစိုးရတို့နှင့်ပူးပေါင်း နေသော်လည်း လက်ရှိအချိန်ထိ နှစ်ဖက်လုံးထံမှ လုံလောက်သောအထောက်အပံ့များ မရနိုင်သေးကြောင်းသိရသည်။

ပလက်ဝမြို့နယ်ပညာရေးဘုတ်အဖွဲ့ အောက်တွင် KG မှစ၍ ၁၂ တန်းအထိပညာသင်ကြားပေးနေခြင်းဖြစ်ကာ အခြေခံပညာအောင်မြင်သူများသည် NUG နှင့် ချင်းပြည်အစိုးရ ပညာရေးဝန်ကြီးဌာနတို့ဖွင့်လှစ်သည့် အဆင့်မြင့်ပညာရေးကျောင်းများ၌ဆက်လက်သင်ကြားနိုင်ကြောင်းသိရပါသည်။

သတင်း – Jessie

About The Author

Leave a Reply

Your email address will not be published. Required fields are marked *

You may have missed