ပလက်ဝမြို့နယ်ကို ULA/AA တော်လှန်ရေးအစိုးရ၏ ခရိုင်တစ်ခုအဖြစ်ထည့်သွင်းပြီး အုပ်ချုပ်ရေးဖော်ဆောင်မှုသည် ချင်းပြည်သူများအပေါ် ‘ကိုလိုနီလုပ်ရပ်’ ဟု CCM ထုတ်ပြန်
Chinland Channel/ ၁၂ သြဂုတ် ၂၀၂၅
ချင်းပြည်၊ ပလက်ဝမြို့နယ်ကို ULA/AA တော်လှန်ရေးအစိုးရ၏ ခရိုင်တစ်ခုအဖြစ်သွင်းပြီး ဒေသခံများ၏ ဆန္ဒမပါဘဲ အုပ်ချုပ်ရေးဖော်ဆောင်မှုသည် ချင်းပြည်သူများအပေါ် ကိုလိုနီပြုသည့် လုပ်ရပ်ဖြစ်ကြောင်း Chin Civic Movement(CCM)အဖွဲ့က ယနေ့တွင် ထုတ်ပြန်သည်။
ဩဂုတ်လ ၁၁ ရက်တွင် အာရက္ခပြည်သူ့ တော်လှန်ရေးအစိုးရ၏ (၁၀) ကြိမ်မြောက် သတင်း စာရှင်းလင်းပွဲတွင် ပလက်ဝမြို့နယ်ကို ယခင်မြို့နယ်အဆင့်မှ ခရိုင်အဆင့်သို့ ဖွဲ့စည်းပြီး အုပ်ချုပ်ရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိသည်ဟု ULA/ AA ပြောရေး ဆိုခွင့်ရှိသူ ဦးခိုင်သုခက ပြောဆိုမှုအပေါ် CCM အဖွဲ့က ယခုကဲ့သို့ တုံ့ပြန်လာခြင်းဖြစ်သည်။
ချင်းအမျိုးသားရေးနှင့် ချင်းပြည်တည်ဆောက်ရေးအတွက် ကိုယ်စားပြုမဟုတ်သော မည်သည့် လက်နက်ကိုင်အဖွဲ့အစည်းဖြစ်စေ၊ လူမျိုးကိုယ်စားပြု အဖွဲ့အစည်းဖြစ်စေ ဖက်ဒရယ်ဒီမိုကရေစီ စံချိန်စံညွှန်းများနှင့် သွေဖီနေသော အုပ်ချုပ်ရေးဖော်ဆောင်မှုများကို လက်ခံအသိအမှတ်ပြုမည်မဟုတ်ကြောင်း CCM အဖွဲ့က ဖော်ပြသည်။
၂၀၂၁ ခုနှစ်တွင် စတင်ဆင်နွဲနေသည့် အာဏာရှင်စနစ် တော်လှန်ရေးလမ်းခုလတ်တွင် ဒေသခံချင်းပြည်သူများ၏ ဆန္ဒမပါသည့် ULA/AA ၏ အဆိုပါဆောင်ရွက်မှုသည် ချင်းပြည်သူများအပေါ် ကိုလိုနီပြုသည့် လုပ်ရပ် ဖြစ်သည်ဟု ရှုမြင်သဖြင့် များစွာ စိတ်ပျက်မိကြောင်း CCM အဖွဲ့ကပြောသည်။
ချင်းပြည်နယ် ပလက်ဝအရေးနှင့်ပတ်သက်၍ ပြည်သူ့တော်လှန်ရေးအပြီးတွင် ဖက်ဒရယ် ဒီမိုကရေစီနည်းကျ သက်ဆိုင်သူများအားလုံးနှင့် ပြန်လည်ဆွေးနွေးနိုင်မည်ဟု ယုံကြည်မျှော်လင့်သည်ဟု ဆိုသည်။
လက်ရှိချင်းပြည်နယ် ပလက်ဝမြို့နယ်အရေးကိစ္စ အပါအဝင် ချင်းပြည်နယ်၏ Nation Building နှင့် State Building ဆိုင်ရာများတွင်ကြုံတွေ့ရမည့် စိန်ခေါ်ချက်များကျော်လွှားနိုင်ရေးအတွက် ချင်း တော်လှန်ရေးအစုအဖွဲ့ အချင်းချင်းများကြား ညီညွတ်မှုဖြင့် ပူးပေါင်းဆောင်ရွက်သင့်ကြောင့် CCM က တိုက်တွန်းထားသည်။
ပလက်ဝမြို့နယ်တွင်းက စစ်ကောင်စီတပ်စခန်းများကို ULA/ AA က ၂၀၂၄ ခုနှစ် ဇန်နဝါရီလတွင် အပြီးသတ် သိမ်းယူနိုင်ခဲ့ပြီး ပလက်ဝမြို့နယ်တွင် အုပ်ချုပ်ရေးလုပ်ငန်းများ အကောင်အထည်ဖော်ဆောင်ရွက်ရာတွင် ဒေသခံချင်းပြည်သူများအပေါ် လူ့အခွင့်အရေးချိုးဖောက်မှုများရှိနေသည်ဟု ဝေဖန်မှုများလည်း ရှိနေသည်။
သတင်း-Joshua
