နယူးဒေလီရောက် မြန်မာနိုင်ငံသားများအား UNHCRမှ ဒုက္ခသည်အဖြစ်သတ်မှတ်ပေးရန် ချင်းဒုက္ခသည်ကော်မတီမှ တောင်းဆိုဆန္ဒပြ
Chinland Channel/ ၂၀ဇွန်လ ၂၀၂၅
ယနေ့တွင်ကျရောက်သည့် ကမ္ဘာ့ဒုက္ခသည်များနေ့တွင် နယူးဒေလီရောက် မြန်မာနိုင်ငံသားများအား UNHCRမှ ဒုက္ခသည်အဖြစ်သတ်မှတ်ပေးရန် ချင်းဒုက္ခသည်ကော်မတီဦးဆောင်ပြီး တောင်းဆိုဆန္ဒပြခဲ့ကြကြောင်း သိရသည်။
အိန္ဒိယနိုင်ငံ ၊ နယူးဒေလီမြို့ ၊ ဂျန်တားမန်တားရပ်ကွက်တွင် ဇွန်လ ၂၀ရက် ယနေ့ နေ့လယ် ၂နာရီ ချင်းဒုက္ခသည်ကော်မတီမှ ဦးဆောင်ပြီး မြန်မာစစ်ဘေးဒုက္ခသည် ၄၀၀ခန့် ပါဝင်ခဲ့ကြောင်း သိရသည်။
“ဒီနေ့ ကမ္ဘာ့ဒုက္ခသည်များနေ့ဟာ ဒုက္ခသည်များအတွက် အရေးကြီးဆုံးနေ့ဖြစ်ပါတယ်။ ၂၀၂၁မှာ စစ်တပ်အာဏာသိမ်းပြီးတော့မှ အိန္ဒိယနိုင်ငံမှာ လာခိုလှုံကြတဲ့ မြန်မာနိုင်ငံသူ၊သားတွေကို UNHCR က ဒုက္ခသည်အဖြစ် မသတ်မှတ်ထားပါဘူး။ အဲ့ဒီအတွက်ကြောင့်လဲ မြန်မာနိုင်ငံသားတွေအားလုံးကို UNHCR ကနေ ဒုက္ခသည်အဖြစ် တရားဝင်သတ်မှတ်ပေးဖို့ တောင်းဆိုတာဖြစ်ပါတယ်။ ဒါကြောင့်လဲ ဒီနိုင်ငံရဲ့ စည်းမျဥ်းစည်းကမ်းတွေနဲ့ အညီတောင်းဆိုကြတာဖြစ်ပါတယ်။” ဟု ချင်းဒုက္ခသည်ကော်မတီ(CRC) ဥက္ကဌ မစုထွေးအောင်က အခမ်းအနားတွင် ပြောသည်။
အခမ်းနားတွင် ခရစ်ယာန်ဓမ္မဆရာတဦးမှ ဆုတောင်ပေးပြီး ကျဆုံးပြီးသော အာဇာနည်များကို အလေးပြုခြင်း ၊ CRC ဥက္ကဌ နှင့် အထူးဖိတ်ကြားထားသူများမှ ဒုက္ခသည်အခွင့်အရေးများနှင့် ပတ်သက်သောအကြောင်းအရာများကို ဟောပြောခဲ့ကြပြီး ၊ We are the Wolrd အုပ်စုသီချင်းနှင့် တပင်တိုင်သီချင်းများဖြင့်ဖျော်ဖြေခဲ့ကြသည်။
ချင်းဒုက္ခသည်ကော်မတီ(CRC) ဥက္ကဌ မစုထွေးအောင် “ကျမတို့က ဒီနိုင်ငံမှာနေတဲ့အတွက်ကြောင့် ဘေးရန်တွေကနေကာကွယ်ဖို့ လိုအပ်နေတာဖြစ်တယ်။ UNHCR ရှိလို့သာ ကျမတို့ဒီနိုင်ငံကိုလာတာဖြစ်ပါတယ်။ UNHCRက ကျွန်မတို့ကို ကာကွယ်မပေးဘူးဆိုရင်တော့ ဒီနိုင်ငံက လုံခြုံမှုမရှိဘူး၊ အဲ့တော့ UNHCRက ဒုက္ခသည်အဖြစ်သတ်မှတ်မှသာလျှင် ကျမတို့ကို ကာကွယ်ပေးနိုင်မှာဖြစ်တယ်။ ဒါကြောင့် CRC အဖွဲ့က ဦးဆောင်ပြီးတော့ UNHCRက ဒုက္ခသည်အဖြစ်သတ်မှတ်ဖို့ ဦးဆောင်ဆန္ဒပြနေကို ဒုက္ခသည်များအနေဖြင့် အဆုံးထိပူးပေါင်းပါဝင်ပေးဖို့ တိုက်တွန်းလိုပါတယ်။” ဟု ဆက်လက်ပြောသည်။
ကြွေးကြော်သံများကို အင်္ဂလိပ် – မြန်မာဘာသာစကားများဖြင့် စီတန်းတန်းလှည့်လည်ကြွေးကြော်ခဲ့ ပြီး အခမ်းအနားကို ညနေ ၃နာရီ ၃၀မိနစ်အချိန်တွင်ရုပ်သိမ်းခဲ့ကာ CRC ဦးဆောင်သူများက UNHCR ရုံးသို့ အိမ်ဖွင့်ပေးစာတစောင်သွားရောက်ပေး အပ်ခဲ့ကြောင်းသိရသည်။
ဆန္ဒပြပွဲအတွင်း လုံခြုံရေးယူပေးသည့် အိန္ဒိယရဲတပ်ဖွဲ့များ ၊ သတင်းမီဒီယာများနှင့် ငြိမ်းချမ်းစွာဆန္ဒပြခဲ့ ကြသည့် မြန်မာနိုင်ငံသားအားလုံးကို ချင်းဒုက္ခသည်ကော်မတီက ကျေးဇူးတင်ရှိကြောင်း ချင်းဒုက္ခသည်ကော်မတီ(CRC)အဖွဲ့က ပြောသည်။
သတင်း-Joshua
ဓာတ်ပုံ-Chin Refugee Committee-New Delhi


