October 6, 2025

ဒုက္ခသည် အခွင့်အရေးရရန်အတွက် နယူးဒေလီမြို့တွင် မြန်မာနိုင်ငံသားများက ထပ်မံဆန္ဒပြတောင်းဆို

0

Chinland Channel/ ၇ ဇူလိုင် ၂၀၂၅

အိန္ဒိယနိုင်ငံ ၊ နယူးဒေလီမြို့တွင်ရောက်ရှိနေကြသော မြန်မာနိုင်ငံသားများမှ ဒုက္ခသည်များ ရသင့်ရထိုက်သည့် အခွင့်အရေးရရှိရန်အတွက် ယနေ့တွင် ဒုတိယအကြိမ် ထပ်မံဆန္ဒပြတောင်းဆိုခဲ့ကြကြောင်း သိရသည်။

မြန်မာနိုင်ငံတွင် စစ်တပ်အာဏာသိမ်းပြီးနောက် လူ့အသက်၊ အိုးအိမ်စည်းစိမ်များ ပျက်ဆီးဆုံးရှုံးခဲ့ရပြီးမှ အသက်ဘေး အန္တရာယ်မှ လုံခြုံမှုရရှိရေးအတွက် UNHCR ထံ ခိုလုံလာကြသော်လည်း ဒုက္ခသည်အဖြစ် သတ်မှတ်မခံရသည့်အပေါ် ယနေ့ ဇူလိုင်လ ၇ ရက်နေ့တွင်
ဆန္ဒထုတ်ဖော်ရခြင်းဖြစ်သည်ဟု ဆန္ဒပြပွဲတွင် ပါဝင်သူအမျိုးသမီးတစ်ဦးကပြောသည်။

ဆန္ဒထုတ်ဖော်ပွဲတွင် ချင်းဒုက္ခသည်ကော်မတီ – နယူးဒေလီ (CRC) က ဦးဆောင်ပြုလုပ်ခြင်းဖြစ်ပြီး နယူးဒေလီမြို့၊ Vikaspuri ရက်ကွပ် ၊ UNHCR /SLIC Office ရှေ့တွင် နံနက် ၁၀နာရီမှ စတင်ကာ ညနေ ၅နာရီတွင် အဆုံးသတ်ရမည်ဖြစ်ကြောင်း သိရသည်။

အင်အား ၅၀၀ ခန့်ရှိသော ဆန္ဒဖော်ထုတ်သူများက ဒုက္ခသည်များ ဖြစ်ကြောင်း အသိအမှတ်ပြုခံရရေး ၊ ဒုက္ခသည်များ၏ အခြေခံ အခွင့်အရေးများရရှိရေး ၊ ဒုက္ခသည်များကို ကူညီကာကွယ်ဆောင်ရွက် ပေးရေးဟု ကြွေးကြော်ကာ ငြိမ်းချမ်းစွာ ဆန္ဒဖော်ထုတ်ဖော်ခဲ့ကြကြောင်း သိရသည်။

ဇူလိုင်လ ၈ရက်နေ့တွင်လည်း ဆန္ဒပြပွဲ ထပ်မံပြုလုပ်ကြမည်ဖြစ်ပြီး Zomi ၊ Hakha ၊ Falam ၊ Matupi Community တို့မှ လူ ၂၅ဦးစီ၊ Zanniant Community မှ လူ ၂၀ဦး၊ Burmese Community မှ လူ ၅ဦး၊ Zotung Community Dai community Burma- Mizo community တို့မှမှ လူ ၇ဦး၊ Mara Community မှ လူ ၃ဦး၊ Kcho Community မှ လူ ၂ဦး၊ Khummi Community မှ ၃ဦးတို့ဖြင့် လူဦးရေကန့်သတ်ကာ ဆန္ဒပြရမည်ဖြစ်ကြောင်း သိရသည်။

ဇွန်လ ၂၀ ရက်နေ့တွင် ကျရောက်သည့် ကမ္ဘာ့ဒုက္ခသည်များနေ့တွင်လည်းဒုက္ခသည်များရသင့်ရထိုက်သည့် အခွင့်အရေးရရှိရန်အတွက် ချင်းဒုက္ခသည်ကော်မတီ(CRC) – နယူးဒေလီ ဦးဆောင်မှုဖြင့် အိန္ဒိယနိုင်ငံ ၊ နယူးဒေလီမြို့၊ဂျန်တားမန်းတားရပ်ကွက်တွင် စစ်ဘေးရှောင် မြန်မာနိုင်ငံသားများက ဆန္ဒပြတောင်းဆိုခဲ့ကြသေးသည်။

၁၉၅၁ ခုနှစ်တွင် စတင်ကျင်းပခဲ့သည့် ကမ္ဘာဒုက္ခသည်များနေ့သည် ၂၀၂၅ နှစ်မှာ နှစ်ပေါင်း (၇၄) နှစ် တိုင်ခဲ့ပြီဖြစ်သော်လည်း အိန္ဒိယနိုင်ငံမှာ ခိုလှုံနေသူအများစုကို ကုလသမဂ္ဂ ဒုက္ခသည်မဟာမင်းကြီးရုံး (UNHCR) က ဒုက္ခသည် အဆင့်အတန်းအသိအမှတ်ပြုရန်ပျက်ကွက်ခြင်း ၊ ကျန်းမာရေး၊ ပညာရေးနှင့် လူမှုဖူလုံရေးကိစ္စတွေမှာ ကာကွယ်စောင့်ရှောက်မှု မလုံလောက်တဲ့ အခြေအနေများဖြင့် ရင်ဆိုင်ကြုံတွေ့နေရသည်ဟုလည်း ချင်းဒုက္ခသည်ကော်မတီ (CRC) နယူးဒေလီ က ထုတ်ပြန်ထားသည်။

မြန်မာနိုင်ငံတွင် စစ်အာဏာရှင် အဆက်ဆက်ဖိနှိပ်မှုနှင့် ၂၀၂၁ ခုနှစ်တွင် ထပ်မံ အာဏာသိမ်း ခဲ့မှုကြောင့် အိန္ဒိယနိုင်ငံတွင် စစ်ဘေးရှောင်ဒုက္ခသည် မြန်မာပြည်သားများစွာ ခိုလှုံလျက်ရှိကြောင်း သိရသည်။

သတင်း- Joshua

About The Author

Leave a Reply

Your email address will not be published. Required fields are marked *

You may have missed