October 6, 2025

တီးတိန်တွင် စစ်ကောင်စီတပ်သားတစ်ဦး ဆိုင်ကယ်အက်ဆီးဒင့်ဖြစ်ပြီး သေဆုံး

0

Chinland Channel/ ၁၈ ဇွန်လ ၂၀၂၅

ချင်းပြည်၊ တီးတိန်မြို့ပေါ်တွင် စစ်ကောင်စီတပ်သားတစ်ဦး ဆိုင်ကယ်အက်ဆီးဒင့်ဖြစ်ပြီး သေဆုံးသွားကြောင်း မြို့နေဒေသခံများထံမှ သိရသည်။

ဇွန်လ ၁၅ရက်နေ့တွင် တီးတိန်မြို့၊ စကော့လမ်းရပ်ကွက်၊ ကမ်းဟောက်လမ်းမပေါ် စည်ပင်သာယာဈေးရှေ့တွင် စစ်ကောင်စီတပ်သားတစ်ဦးသည် ဆိုင်ကယ်အရှိန်လွန်မောင်းနှင်ကာ တိမ်းမှောက်သွားပြီး ယမန့်နေ့ ဇွန်လ ၁၇ရက်နေ့တွင် သေဆုံးသွားခြင်းဖြစ်သည်ဟု ဒေသခံတစ်ဦးက Chinland Channel သို့ပြောသည်။

“သေဆုံးသူက အရပ်ဝတ်နဲ့ပဲ ။ဆိုင်ကယ်မောင်းတာ အရှိန်လွန်သွားလို့ဖြစ်မယ်။ မနေ့ကပဲ စကော့လမ်းရပ်ကွက်က သင်္ချိုင်းမှာ မြေမြုပ်သဂြိုလ်ခဲ့ကြတယ်။ သူ့ရာထူးတော့မသိဘူး၊ နာမည်က ဝင်းလှိုင်ဆိုသူဖြစ်မယ်၊ အသက် ၃၈နှစ်ရွယ်လောက်ဖြစ်မယ်” ဟု ဒေသခံသတင်းရင်းမြစ်က ပြောသည်။

အသက် ၃၈နှစ်အရွယ် ဝင်းလှိုင်ဆိုသူကို ဆိုင်ကယ်အက်ဆီးဒင့်ဖြစ်ပြီးနောက် ကုတင် ၁၀၀ ပြည်သူ့ဆေးရုံသို့ ဆေးရုံတင်ထားပြီး နောက်တနေ့တွင် သေဆုံးသွားခြင်းဖြစ်ကြောင်းသိရသည်။

ထို့အပြင် ဇွန်လ ၈ရက်နေ့က တီးတိန်မြို့၊ စကော့လမ်းရပ်ကွက်ရှိ ခလရ (၂၆၉) တပ်ရင်းအတွင်း ၎င်းတို့ထောင်ထားသော မြေမြုပ်မိုင်းနင်းမိသွားသည့် စစ်သားနှစ်ဦးထဲက တစ်ဦးလည်းသေဆုံးသွားကြောင်း သိရသည်။

“တပ်ရင်းအပြင်ဘက် မထွက်ရ အမိန့်ထုတ်ထားတာကို အပြင်ထွက်ရကောင်းလား ဆိုပြီး တပ်ရင်းဗိုလ်ကြီးက သေနတ်ဒင်နဲ့ ရိုက်လို့ တစ်ဦးသေဆုံးတယ်။ သေဆုံးတဲ့သူက မြေမြုပ်မိုင်းကြောင့် ဒဏ်ရာတော်တော်ပြင်းထန်ရသွားတာကြောင့်လဲပါပါမယ်။ နောက်တစ်ဦးလည်း သူ့ဒဏ်ရာတော်တော်ပြင်ထန်တယ်။ ခြေထောက်တစ်ဖက်ဖြတ်လိုက်ရတယ်လို့သိရတယ်” ဟု စစ်တပ်နှင့်ရင်းနှီးသည့် ဒေသခံတစ်ဦးက ပြောသည်။

သတင်း-Joshua

About The Author

Leave a Reply

Your email address will not be published. Required fields are marked *

You may have missed