October 6, 2025

စစ်ကောင်စီရဲ့ လက်ချက်ကြောင့်မင်းတပ်မြို့ပေါ်နေအိမ် ထက်ဝက်ခန့် မီးလောင်ပြာကျဟုဆို

0

Chinland Channel/ ၁၉ နိုဝင်ဘာ ၂၀၂၄

ချင်းပြည်နယ်၊ မင်းတပ်မြို့ပေါ်ရှိ ပြည်သူနေအိမ် ထက်ဝက်ခန့်သည် စစ်ကောင်စီ၏ မီးရှို့ခြင်း နဲ့ လက်နက်ကြီးပစ်ခတ်မှုတို့ကြောင့် မီးလောင်ပြာကျခဲ့ပြီဖြစ်ကြောင်း ဒေသခံများထံမှသိရှိရသည်။

ချင်းညီနောင် စစ်ဆင်ရေးအဖြစ် CDF-Mindat နှင့်မဟာမိတ်များက ပြီးခဲ့သည့်နိုဝင်ဘာလ ၉ ရက်မှစတင်ကာ မင်းတပ်မြို့သိမ်းစစ်ဆင်ရေးကိုဖော်ဆောင်လျက်ရှိရာ အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ဝင်များမှ မြို့တွင်းရှိ ပြည်သူ့ နေအိမ်များကိုပိုမိုဖျက်ဆီးလာခဲ့ခြင်းဖြစ်သည်။

“နိုဝင်ဘာလ ၉ ရက်နောက်ပိုင်း မီးရှို့တာပိုများလာတယ်။ မင်းတပ်မြို့ပေါ်ကနေရာအစုံ ပေါ့။ အရှေ့ရပ်ကွက် နဲ့ အနောက်ရပ်ကွက်တွေမှာ လောင်တာပိုများတယ်။ နေ့တိုင်းမီးရှို့နေတာပဲ။ လက်နက်ကြီးပစ်လို့လောင်တာ လည်းရှိတယ်။ မနေ့က မင်းတပ်ကနေ မတူပီကိုဘက်ကိုသွားတဲ့လမ်းဘက် အနောက်ရပ်ကွက် ၂ မိုင် နဲ့ ၃ မိုင် ဘက်လည်း တော်တော်လောင်သွားတယ်။ ဒီစစ်ဆင်ရေးမစခင် လောင်တာနဲ့ စစ်ဆင်ရေးစပြီးနောက် လောင်တာ အကုန်ပေါင်းရင် မြို့ထဲကအိမ်တွေရဲ့ ၅၀ % တော့ရှိတော့မယ်။” ဟု နာမည်မဖော်လိုသော မင်းတပ် ဒေသခံတစ်ဦးက Chinland Channel ကိုပြောသည်။

မင်းတပ်မြို့ပေါ်၌ နိုဝင်ဘာလ ၉ ရက်ကစ၍ အကြမ်းဖက်စစ်ကောင်စီနှင့် တော်လှန်ရေးတပ်ဖွဲ့များကြား တိုက်ပွဲပြင်းထန်ခဲ့ပြီး နိုဝင်ဘာလ ၁၉ ရက် ဒီကနေ့မှာလည်း အကြမ်းဖက်စစ်ကောင်စီဘက်မှ ဂျက်ဖိုက်တာ ဖြင့် ပေါင် ၅၀၀ ဗုံးနှစ်လုံးလာကြဲသွားကြောင်းသိရသည်။

“ ဒီနေ့ မနက် ၁၀ နာရီနောက်ပိုင်းမှာ ဂျက်ဖိုက်တာနဲ့ မင်းတပ်မြို့ပေါ်ကို ပေါင် ၅၀၀ ဗုံးနှစ်လုံးလာကြဲသွား တယ်။ ကာကွယ်ရေးတပ်ဖွဲ့တွေနေတဲ့ဘက်ကိုဖြစ်မှာပေါ့။ ထိခိုက်မှုတော့အတိအကျမသိရသေးဘူး။ စစ်ရေး သတင်းအတိအကျကိုတော့ တာဝန်ရှိသူတွေထုတ်ပြန်အသိပေးတာလောက်ကိုပဲစောင့်ရမယ်။” ဟု ဒေသခံတစ်ဦးက ဆိုသည်။

လက်ရှိတွင် မင်းတပ်မြို့ပေါ်ကပြည်သူများသည် မိမိနှင့်နီးစပ်သည့် မင်းတပ်မြို့နယ်ထဲက ကျေးရွာတွေနှင့် ပြည်မဖက်ကိုစစ်ဘေးရှောင်နေကြသည်ဟုသိရသည်။

ဓါတ်ပုံ –  နိုဝင်ဘာလ ၁၈ ရက်ညပိုင်း မင်းတပ်မြို့ပေါ်ကနေအိမ်များမီးလောင်နေပုံ  ( Aye Ngein Thu ဖေ့စ်ဘုတ်)

သတင်း – Jessie

About The Author

Leave a Reply

Your email address will not be published. Required fields are marked *

You may have missed