ငဖဲမြို့နယ်တွင် စစ်ကောင်စီတပ် လေကြောင်းတိုက်ခိုက်မှုကြောင့် ချင်းအမျိုးသားတစ်ဦး သေဆုံး
Chinland Channel/ ၄ မတ်လ ၂၀၂၅
မကွေးတိုင်း၊ ငဖဲမြို့နယ်၊ လင်းတဲကျေးရွာကို စစ်ကောင်စီတပ် လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့သဖြင့် ချင်းအမျိုးသားတစ်ဦး သေဆုံးခဲ့သွားကြောင်း ဒေသခံများထံမှ သိရသည်။
ယမန်နေ့ (မတ်လ ၃ရက်) နံနက် ၉နာရီအချိန်ခန့်တွင် အမ်း-ပဒါန်းကားလမ်းပေါ်ရှိ လင်းတဲကျေးရွာကို ဒရုန်းနှင့် လေယာဥ်များဖြင့် ဗုံးကြဲတိုက်ခိုက်သဖြင့် အသက် ၂၇နှစ်အရွယ် ဆလိုင်းသိန်းဝင်းမောင်ဆိုသူ သေဆုံးသွားခြင်းဖြစ်ကြောင်း ဒေသခံသတင်းရင်းမြစ်က Chinland Channel သို့ပြောသည်။
“လင်းတဲရွာထဲက လူနေအိမ်လေးလုံးမီးလောင်သွားတယ်။ လူတစ်ဦးက ပွဲချင်းပြီးသေဆုံးသွားတာပါ။” ဟု အဆိုပါဒေသခံက ဆိုသည်။
နတ်ရေကန်လေကြောင်းရန်ကာကွယ်ရေးတပ်အား ဖေဖော်ဝါရီ ၁၈ ရက်မှစတင်၍ အာရက္ခတပ်တော်(AA)နှင့် ပူးပေါင်းတပ်ဖွဲ့များမှ ထိုးစစ်ဆင်တိုက်ခိုက်နေခြင်းဖြစ်ပြီး စစ်ကောင်စီတပ်ဘက်မှ အဆိုပါစစ်စခန်းအနီးရှိ ကျေးရွာများအား လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခြင်းဖြစ်ကြောင်း သိရသည်။
ပြီးခဲ့သည့် ဖေဖော်ဝါရီလ ၂၄ရက်မှ ၂၆ရက်နေ့အထိ သုံးရက်တာအတွင်း အာရက္ခတပ်တော်(AA)မှ နတ်ရေကန်လေကြောင်းရန်ကာကွယ်ရေးတပ် တည်ရှိရာ တောင်ကုန်းအား ထိုးစစ်ဆင် တိုက်ခိုက်နေစဉ် ကာကင်းစခန်းများမှ ထွက်ပြေးလာသော စစ်ကောင်စီ တပ်ဖွဲ့ဝင် ၂၃ဦးကို လက်နက်ခဲယမ်းများနှင့်အတူ ဖမ်းဆီးရမိထားကြောင်း ချင်းကာကွယ်ရေးတပ် (အရှို)က သတင်းထုတ်ပြန်သည်။
ထို့အပြင် ဖေဖော်ဝါရီလ ၂၄ရက်တွင်လည်း လင်းတဲကျေးရွာကို စစ်ကောင်စီတပ်က လေကြောင်း ဗုံးကြဲတိုက်ခိုက်ခဲ့ပြီး ချင်းအမျိုးသားနှစ်ဦး သေဆုံးပြီး ဒေသခံရှစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သေးသည်။
ချင်းလူမျိုးများနေထိုင်သည့် လင်းတဲကျေးရွာသည် စစ်ကောင်စီတပ်၏ နတ်ရေကန်လေကြောင်းရန်ကာကွယ်ရေးတပ် အောက်တွင် တည်ရှိပြီး အိမ်ခြေ ၁၀၀ ခန့်ရှိကြောင်း သိရသည်။
သတင်း- Joshua
ဓာတ်ပုံ- Kimo Media
