ခွင့်လွန်၊ခွင့်မဲ့ရဲဘော်များတာဝန်ပြန်ထမ်းဆောင်ကြဖို့ CDF-Matupi ဖိတ်ခေါ်
Chinland Channel / ၂၅ ဖေဖော်ဝါရီ ၂၀၂၆
ချင်းပြည်နယ် တောင်ပိုင်း၊ မတူပီမြို့နယ်အတွင်းအခြေစိုက်တဲ့ ချင်းပြည် ( Chinland ) ကောင်စီအဖွဲ့ဝင် Chinland Defense Force – Matupi မှ ခွင့်လွန်၊ ခွင့်မဲ့ရဲဘော်များ ပြန်လည်တာဝန်ထမ်းဆောင်ကြဖို့ ဒီကနေ့ ဖေဖော်ဝါရီလ ၂၅ ရက်မှာ ဖိတ်ခေါ်ထားပါတယ်။
CDF-Matupi မှာတာဝန်ထမ်းဆောင်ကြပြီးလက်ရှိအချိန်မှာ ခွင့်လွန်၊ ခွင့်မဲ့လျက်ရှိကြတဲ့ ရဲဘော်၊ရဲမေများအနေ ဖြင့် လာမယ့်မတ်လ ၂၀ ရက်နေ့ကိုနောက်ဆုံးထားပြီး မိမိတို့တာဝန်ထမ်းဆောင်ခဲ့တဲ့ တပ်ရင်းတပ်ဖွဲ့များထံ ပြန်လည်တာဝန်ထမ်းဆောင်ကြရန်အသိပေးထားပါတယ်။
အဆိုပါ သတ်မှတ်ကာလအတွင်း ပြန်လည်တာဝန်ထမ်းဆောင်ခြင်းမရှိသူများကို တပ်ပြေးအဖြစ်သတ်မှတ်မှာ ဖြစ်ပြီး ချမှတ်ထားတဲ့ပြစ်ဒဏ်အတိုင်း ပြင်းထန်စွာအရေးယူသွားမယ်လို့လည်းအသိပေးထားပါတယ်။
CDF-Matupi မှ ရဲဘော်များ၊ ကျဆုံးရဲဘော်များ၊ ကိုယ်လက်အင်္ဂါဆုံးရှုံးတဲ့ရဲဘော်များအားလေးစားလျက် ပြည်တွင်းပြည်ပရောက် လူငယ်များအနေဖြင့် CDF-Matupi မှာတာဝန်ထမ်းဆောင်ကြဖို့ လှိုက်လှဲစွာကြိုဆို ကြောင်းလည်းဖော်ပြထားပါတယ်။
ချင်းလဲန်းကာကွယ်ရေးတပ်ဖွဲ့-မတူပီ ( CDF-Matupi ) ကို စစ်တပ်အာဏာသိမ်းပြီး ၂၀၂၁ ခုနှစ်၊ ဧပြီလ ၁၀ ရက်နေ့ မှာ စတင်ဖွဲ့စည်းခဲ့ခြင်းဖြစ်ပြီး ယနေ့တိုင် စစ်အာဏာရှင်စနစ်ကိုတော်လှန်ရင်း အသက်သွေးချွေး၊ ကိုယ် ခန္ဓာပေးဆပ်တဲ့ရဲဘော်များအားလုံးကိုလည်း လေးစားဂုဏ်ပြုတယ်လို့ ထုတ်ပြန်ထားပါတယ်။
သတင်း – Jessie

