ချင်းပြည် (Chinland) ဦးဆောင်ကော်မတီ၏ (၈) ကြိမ်မြောက် အစည်းအဝေးကျင်းပ
Chinland Channel ၊ ၁၀ နိုဝင်ဘာ ၂၀၂၄
ချင်းပြည် (Chinland) ဦးဆောင်ကော်မတီ ( Chinland Council Leading Committee) ၏ (၈) ကြိမ်မြောက် အစည်းအဝေးအား လွန်ခဲ့သောရက်ပိုင်းက ကောင်စီရုံးစိုက်ရာ ချင်းလုံမြို့တွင် ပြုလုပ်ပြီးစီးခဲ့ကြောင်း သိရှိရသည်။
“ ကျနော်တို့ ဒီတစ်ခေါက် (၈) ကြိမ်မြောက် ဦးဆောင်အဖွဲ့ အစည်းအဝေးမှာတော့ အဓိကအားဖြင့် ကျနော်တို့အခု လက်ရှိစစ်ရေး ဖော်ဆောင်တဲ့အပေါ်တွေမှာ ဒီ့ထက်ပိုပြီးတော့ ကျစ်လစ်ပြီးတော့ စုဖွဲ့မှုကောင်းကောင်းနဲ့ စစ်ရေးမှာ သွားနိုင်ဖို့ အတွက်ကို ဆွေးနွေးခဲ့ကြတာတွေ ရှိပါတယ်။ နောက်တစ်ခုကတော့ ဒီဒေသန္တရအုပ်ချုပ်ရေး ယန္တယားတွေကောင်းကောင်းလည်ပတ်နိုင်ဖို့တို့ကို ကျနော်တို့ ဒေသန္တရအစိုးရပေါ့လေ၊ ဒီသက်ဆိုင်ရာ ဒေသန္တရအစိုးရတွေကို ပံ့ပိုးနိုင်ဖို့အတွက်ပေါ့၊ ဥပဒေနဲ့အညီ ဆက်လက်ဆောင်ရွက်နိုင်ဖို့အတွက်ကိုလည်း ဆွေးနွေးခဲ့ကြပါတယ်။ ပြီးတော့ ကျနော်တို့ရဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေပေါ့၊ ဒီဟာကိုလည်း လေ့လာသုံးသပ်ရေး အဖွဲ့တွေ ဖွဲ့ပြီးတော့ ကျနော်တို့ရဲ့ Chinland Constitution (2023) ကို လေ့လာသုံးသပ်ရေး လုပ်ကြပြီးတော့ ဆက်လက်ပြီး ပြင်ဆင်ဖြည့်စွက်တာမျိုးကိုလည်း ဆောင်ရွက်နိုင်အောင် လုပ်ကြတဲ့ဟာမျိုးတွေလည်း ရှိပါတယ်။ ဆိုတော့ နောက်ဆုံးကတော့ ချင်းပြည်မှာ ရှိတဲ့တော်လှန်ရေးအင်အားစုတွေ စုစုစည်းစည်းနဲ့ စစ်ရေး၊ နိုင်ငံရေးမှာ တစုတစည်းနဲ့ သွားနိုင်ဖို့အရေးကို ကျနော်တို့ အင်တိုက်အားတိုက်နဲ့ ဆက်လက်ပြီးတော့ ပူးပေါင်းဆောင်ရွက်နိုင်ရေးကိုလည်း ကျနော်တို့ သွားနေတဲ့ဆိုတဲ့ဟာ ၊ ဒီအချက်တွေကို ကျနော်တို့ ဆွေးနွေးနိုင်ခဲ့ပါတယ်။ “
အစည်းအဝေးနှင့် ပတ်သက်ပြီး ချင်းပြည် (Chinland) ကောင်စီဦးဆောင်အဖွဲ့ အတွင်းရေးမှူး ဆလိုင်းပေါလ် ( Salai Paul ) မှ Chinland Channel သို့ပြောပြချက်များ ဖြစ်ပါသည်။
ချင်းပြည် (Chinland) ဦးဆောင်ကော်မတီ၏ (၈) ကြိမ်မြောက် အစည်းအဝေးသို့ အစုအဖွဲ့ (၃) ခုမှ ကိုယ်စားလှယ်များ စုံလင်စွာတက်ရောက်ခဲ့ကြပြီး၊ အစည်းအဝေးမှာ (၂) ရက်ကျော်ကြာမြင့်ခဲ့ကြောင်း သိရှိရသည်။
#ChinlandChannel #ChinlandCouncil #ChinlandCouncilLeadingCommittee

