October 6, 2025

ကုလားတန်မြစ်မှာရေနစ်သေဆုံးတဲ့ ပလက်ဝက ဓမ္မဆရာ ဦးထွန်းအောင်ရဲ့ ရုပ်အလောင်းပြန်လည်တွေ့ရှိ

0

Chinland Channel / ၂၆ နိုဝင်ဘာ ၂၀၂၄

ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်ကနေ မီဇိုရမ်ဘက်ကို စစ်ဘေးရှောင်ဖို့ထွက်လာရင်း ကုလားတန်မြစ်မှာ ရေနစ်သေဆုံးခဲ့တဲ့ ခရစ်ယာန်မ္မဆရာ ဦးထွန်းအောင်ရဲ့ ရုပ်အလောင်းကို နိုဝင်ဘာ ၂၆ ရက် ညနေပိုင်းမှာ ပြန်လည်တွေ့ရှိခဲ့တယ်လို့သိရပါတယ်။

နိုဝင်ဘာလ ၂၄ ရက်မနက်ပိုင်းမှာ ရေနစ်သေဆုံးခဲ့တဲ့ ဦးထွန်းအောင်ရဲ့ ရုပ်အလောင်းကိုနောက် ၂ ရက်ကျော်အကြာ မှာ သူရေနစ်ခဲ့တဲ့ နေရာနဲ့မလှမ်းမကမ်းမှာပြန်လည်တွေ့ရှိခဲ့တာဖြစ်ပြီးတော့ နိုဝင်ဘာ ၂၇ ရက်မှာ မြေမြှုပ်သဂြိုလ်သွားမယ်လို့သိရပါတယ်။

“ ဦးထွန်းအောင် ရေနစ်ပြီးနောက် လိုက်လံရှာဖွေခဲ့ကြပေမယ့် သူကျသွားတဲ့ နေရာကနေ အောက်ဘက်မှာက တော်တော်နက်တယ်လေ၊ လွယ်လွယ်နဲ့ပြန်မတွေ့ဘူး။ သူရေနစ်ခဲ့တဲ့ နေရာကနေ အောက်ဘက် သိပ်မဝေးတဲ့ ရေနက်ပိုင်းမှာ ဒီညနေ အိန္ဒိယအချိန် ၄ နာရီထိုးခါနီးမှာပြန်တွေ့ကြတယ်။ အလောင်းကိုတော့ မီဇိုရမ်ဘက်က နယ်စပ်ကျေးရွာ ကာကီကျေးရွာမှာ အသုဘပွဲကျင်းပကြပြီးတော့ မနက်ဖြန်မနက်ပိုင်းမှာ သဂြိုလ်သွား မယ်။” လို့ ပလက်ဝဒေသခံတစ်ဦးက Chinland Channel ကိုပြောပါတယ်။

ဦးထွန်းအောင်ဟာ ပလက်ဝမြို့နယ် အရှေ့ဘက်၊ ပလက်ချောင်းကမ်းနားမှာရှိတဲ့ ဘောင်ဝီးကျေးရွာ ဒေသခံဖြစ်ပြီး အသက် ၄၅ နှစ်ရှိကာ သားသမီး ၄ ဦးရှိတယ်လို့သိရပါတယ်။ သူဟာ သမီးဖြစ်သူနဲ့ မီဇိုရမ်ဘက်ကို စစ်ဘေးရှောင်ဖို့သွားရာကနေ စက်လှေချို့ယွင်းချက် ကြောင့် သမီးဖြစ်သူရေထဲပြုတ်ကျတာကို ကယ်တင်ရင်း ရေနစ်သေဆုံးခဲ့ခြင်းဖြစ်ပါတယ်။

ဦးထွန်းအောင်ရဲ့ ဇနီးနဲ့ သားသမီး သုံးဦးတို့ဟာ ပြီးခဲ့တဲ့ အပတ်မှာ မီဇိုရမ်ပြည်နယ်၊ သွီးဒန်ကျေးရွာကို ရောက်နှင့်ခဲ့ကြပြီဖြစ်ကာ ဦးထွန်းအောင်နဲ့ သမီးဖြစ်သူက လိုက်လာရင်း ယခုလို ဖြစ်ရပ်ဆိုးနဲ့ ကြုံတွေ့ခဲ့တာ ဖြစ်ပါတယ်။

အရက္ခတပ်တော် အေအေ တပ်ဖွဲ့က ပလက်ဝမြို့နယ်အတွင်း စစ်မှုထမ်းခိုင်းမယ့်အစီအစဉ်၊ ရခိုင်စာ သင်ကြားခိုင်းမယ့် အစီအစဉ်နဲ့ ဒေသတွင်းလုံခြုံမှုမရှိတာကြောင့် ပလက်ဝမြို့နယ်က ပြည်သူအများအပြားဟာ အိန္ဒိယနိုင်ငံ၊ မီဇိုရမ်ပြည်နယ် နဲ့ ရန်ကုန်မြို့ ဘက်ကို စစ်ဘေးရှောင်ဖို့ထွက်သွားတဲ့လူ အများအပြား ရှိ နေတယ်လို့ သိရပါတယ်။

သတင်း – Jessie

ဓါတ်ပုံ – ခူမီးမီဒီယာ

About The Author

Leave a Reply

Your email address will not be published. Required fields are marked *

You may have missed