October 6, 2025

ကလေးမြို့နယ် တောင်ပိုင်းဒေသတွင် စစ်ရေးပြင်းထန်နေဆဲဖြစ်ကာ၊ နေ့စဉ်တိုက်ပွဲများ ရှိနေ 

0

Chinland Channel / ၂၇ ဖေဖော်ဝါရီ ၂၀၂၅ 

ကလေးမြို့နယ်တောင်းပိုင်းမှာရှိတဲ့ ကမ်းပါးနီစခန်းကို ဒေသကာကွယ်ရေး တပ်တွေက တိုက်ခိုက်သိမ်းပိုက်ပြီး၊ မှန်တော၊ အောင်သာယာစတဲ့ ကျေးရွာတွေကို ထိန်းချုပ်လိုက်ပြီးတဲ့နောက်မှာ နေ့စဉ်ထိတွေ့ တိုက်ပွဲတွေ ရှိနေဆဲဖြစ်တယ်လို့ သိရပါတယ်။ 

“ လက်ရှိမှာ ကျနော်တို့ဘက်ကနေ ကမ်းပါးနီစခန်းကို သိမ်းပိုက်ပြီးတဲ့နောက် အနီးအနားမှာ ရှိတဲ့ ကျေးရွာတွေကို ထိန်းချုပ်ထားတာ ရှိပါတယ်။ မှန်တော၊ အောင်သာယာ စတဲ့ ကျေးရွာတွေကိုပေါ့။ စကစဘက်ကနေတော့ လက်ရှိ သူတို့ အခြေပြုနေတဲ့ ပျူစောထီး အားကောင်း ကျေးရွာတွေကနေတဆင့် ခံစစ်ပြင်တာ ရှိသလို၊ ပြန်လည်ပြီး ထိုးဖောက်လာဖို့ ကြိုးပမ်းနေတာတွေလည်း ရှိပါတယ်။ တိုက်ပွဲကတော့ နေ့တိုင်းဖြစ်နေပါတယ်။ သူတို့ဘက်နေ ဒရုန်းတွေနဲ့ လာတိုက်တာ ရှိသလို၊ လက်နက်ကြီးနဲ့ ပစ်တာတွေလည်း ရှိပါတယ်။ လေကြောင်းလည်း အပါအဝင်ပေါ့။ စစ်ကြောင်း ပြန်လာထိုးတာတွေလည်း ရှိတယ်။ “ လို့ CDF KKG ရဲ့ တာဝန်ရှိသူ တစ်ဦးက Chinland Channel ကို ပြောကြားထားပါတယ်။ 

လွန်ခဲ့တဲ့ ရက်သတ္တပါတ်အတွင်း ကမ်းပါးနီ စခန်းအပါအဝင် မှန်တော၊ အောင်သာယာ စတဲ့နေရာတွေကို တော်လှန်ရေးတပ်တွေက ထိန်းချုပ်သိမ်းပိုက်အပြီးမှာ စစ်ကောင်စီ၊ ပြည်သူ့စစ်နဲ့ ပျူစောထီးတပ် တို့ဟာ အထိအခိုက် အကျအဆုံးများစွာနဲ့ ကြံသာ၊ ဟံသာဝတီဘက်ကို ထွက်ပြေးသွားခဲ့ကြတာ ဖြစ်ပါတယ်။ 

“ စစ်ရေးက ပြင်းထန်ပြီး စစ်ကောင်စီကနေလည်း နည်းပေါင်းစုံနဲ့ တိုက်ပွဲနေရာတွေတင် မကဘူး၊ ဘေးနားက တိုက်ပွဲမရှိတဲ့ ကျေးရွာတွေကို တိုက်ခိုက်နေတော့ ရှောင်တိမ်းနေရတယ်။ စစ်ရေးက ကြာဦးမယ့်သဘောတော့ ရှိမယ်ထင်ပါတယ်။ ကိုယ့်ဘက်က တော်လှန်ရေးတပ်တွေက အသာစီးဘက်ရောက်နေသလို၊ ကြံသာ၊ ဟံသာဝတီ တို့ကိုပါ အပြီးသိမ်းဖို့ ရှိတယ်ဆိုပြီး သတင်းတွေ ထွက်နေတော့ စကစဘက်ကနေလည်း မကျရလေအောင် အတော်လေး ခုခံမယ့် သဘောရှိတယ်။ ကျနော်တို့ကတော့ သိမ်းနိုင်လေ ကောင်းလေပါပဲ၊ သိမ်းလည်း သိမ်းစေချင်တယ်။  “ လို့ တိမ်းရှောင်နေရတဲ့ ကလေးတောင်ပိုင်း ဒေသခံတစ်ဦးက Chinland Channel ကိုပြောပါတယ်။ 

လက်ရှိ စစ်ရေးနဲ့ ပါတ်သက်လို့တော့ CDF KKG အပါအဝင် ဘယ်အဖွဲ့အစည်းကမှ တရားဝင် ထုတ်ပြန်တာ မရှိသေးသလို ပျံ့နှံ့နေတဲ့ စစ်ရေးသတင်းတွေနဲ့ ပါတ်သက်လို့လည်း မှတ်ချက်ပေးဖို့ ငြင်းဆန်ထားပြီး၊ အချိန်တန်ရင် တရားဝင်ထုတ်ပြန်မှုတွေ၊ ချပြမှုတွေ ပြုလုပ်သွားမှာ ဖြစ်တယ်လို့ Chinland Channel ကို ဖြေကြားထားပါတယ်။

ဒီကနေ့ ဖေဖော်ဝါရီ ၂၇ ရက်နေ့မှာလည်း စစ်ကောင်စီကနေ ဂျက်ဖိုက်တာနဲ့ လေကြောင်းတိုက်ခိုက်မှု နှစ်ကြိမ် ပြုလုပ်ထားတယ်လို့ သိရပါတယ်။ 

About The Author

Leave a Reply

Your email address will not be published. Required fields are marked *

You may have missed