UFC ဖိုက်တာ Joshua Van မှ ငလျင်ဒဏ်သင့်ပြည်သူများအတွက် ကျပ်ငွေ သိန်း ၁၀၀ လှူဒါန်း
Chinland Channel/ မတ် ၂၉ ၂၀၂၅
မြန်မာနိုင်ငံမှ တစ်ဦးတည်းသော UFC ဖိုက်တာ ချင်းလူငယ် Joshua Van က မြန်မာပြည်တွင်း ငလျင်ဒဏ်ခံစား နေရတဲ့ပြည်သူများအတွက် Chinland Foundation ထံကတစ်ဆင့် ကျပ်ငွေသိန်း ၁၀၀ လှူဒါန်းလိုက်ပါတယ်။
Chinland Foundation ဥက္ကဋ္ဌ ဆရာထောင်ထထန်း (Saya Thawng Tha Thang ) က သူ့ရဲ့ Facebook လူမှု ကွန်ယက်စာမျက်နှာကနေ ဒီညနေမှာအသိပေးလာခြင်းဖြစ်ပါတယ်။
Joshua Van အနေဖြင့်ယခုလိုလှူဒါန်းမှုအပေါ်ဂုဏ်ယူ၊ ကျေးဇူးတင်ကြောင်း၊ ငလျင်ဒဏ်သင့်တဲ့ နေရာဒေသများ အတွက် လိုအပ်တဲ့နေရာမှာအသုံးပြုသွားမှာဖြစ်ကြောင်းနဲ့ Joshua Van က နောက်ထပ်လှူဒါန်းမှုများပြုလုပ် သွားမှာဖြစ်ကြောင်း Saya Thawng Tha Thang က ဖော်ပြထားပါတယ်။
“မြန်မာပြည်ကို အလွန်ချစ်ပြီး၊ အလွန်ဂုဏ်ယူရသော UFC fighter Joshua Van ( The Fearless Van ) မှ ငလျင်ဒဏ်ခံစားနေရသော ပြည်သူများအတွက် Chinland Foundation မှ တစ်ဆင့် သိန်းပေါင်း ၁၀၀ လှူဒါန်းမှု့အပေါ် အထူးပင်ဂုဏ်ယူလေးစားရပါကြောင်း ဖော်ပြအပ်ပါတယ်။ ဤအလှူများသည် မန္တလေး၊မိတ္ထီလာ၊ နေပြည်တော် နှင့် ငလျင်ဒဏ်သင့်နေသော နေရာများရဲ့ကယ်ဆယ်ရေးနှင့်၊ ဆေးကုသရေး လုပ်ငန်းများအတွက် အသုံးပြုသွားမည်ဖြစ်ပါတယ်။ Joshua Van မှနောက်ထပ်လှူဒါန်းမှုများကိုလည်း ထပ်မံလုပ်ဆောင်သွားမည်ဖြစ်ပါသည်။ မြန်မာပြည်ကို အမြဲ မေတ္တာပို့တတ်တဲ့ Joshua Van တစ်ယောက် ဒီထက်မက အောင်မြင်ခြင်းများစွာဘုရားကောင်းချီးပေးပါစေ။” လို့ Saya Thawng Tha Thang ရဲ့ လူမှုကွန် ယက်စာမျက်နှာကနေ ဖော်ပြထားပါတယ်။
Joshua Van ဟာ လက်ရှိမှာ UFC အတွင်းထိုးသတ်နေပြီး အောင်မြင်မှုများရရှိနေသူဖြစ်ကာ နောက်လာ မယ့် ဇွန်လ ၇ ရက်နေ့မှာလည်း ဘရာဇီးဖိုက်တာ ဘရူနိုဆေးဗားနဲ့ထိုးသတ်သွားဖို့ရှိနေပါတယ်။
သတင်း – Jessie

