Hualngoram Reserve Force အပါတ်စဉ် – ၂ သင်တန်းဆင်းပွဲကျင်းပ
Chinland Channel / ၁၀ ဒီဇင်ဘာ ၂၀၂၄
HPO / CDF-Hualngoram မှ ကြီးမှူးကျင်းပသော Hualngoram Reserve Force အပါတ်စဉ် (၂) သင်တန်း ဆင်းပွဲကို ယနေ့ ဒီဇင်ဘာ ၁၀ ရက်နေ့ မနက်ပိုင်းတွင် ဟွာလ်ငိုရမ်ဒေသ ရှေ့တန်းတစ်နေရာ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရှိရသည်။
ယခုသင်တန်းနှင့် ပါတ်သက်ပြီး HPO/CDF-Hualngoram မှ တာဝန်ရှိသူ တစ်ဦးက – “ သင်တန်းရဲ့ အဓိက ရည်ရွယ်ချက်ကတော့ ကျနော်တို့ CDF-Hualngoram ရဲဘော်တွေက ဆိုရင် ၂ နှစ်ခွဲကာလကျော်ကြာတဲ့အထိ တောက်လျှောက် မနားပဲနဲ့ စစ်ကောင်စီကို စစ်တိုက်၊ တိုက်ပွဲဝင်နေတယ်။ ရှေ့တန်းစစ်မျက်နှာပြင်မှာပဲ နေရတယ်။ အဲ့လိုဆိုတော့ ကျနော်တို့ ဟွာလ်ငိုရမ်ဒေသအတွင်းက ပြည်သူတွေရဲ့ လုံခြုံမှုအတွက် အရံအင်အားသဘောနဲ့ HRF (Hualngo Reserve Force) ဆိုပြီး ဒီစစ်သင်တန်းကို ပေးအပ်တာ ဖြစ်ပါတယ်။ ၂ ပါတ်တာ သင်တန်းဖြစ်ပြီး၊ အခြေခံစစ်ပညာတွေကို လေ့ကျင့်သင်ကြားပေးခဲ့ပါတယ်။ တိုက်ပွဲဝင် ရဲဘော်တွေ စစ်တိုက်နေချိန်မှာ နောက်ကနေ ပြည်သူတွေ လုံခြုံအတွက် တာဝန်ထမ်းဆောင်နိုင်ဖို့ ရည်ရွယ်ချက်နဲ့ဖြစ်ပါတယ် “ – ဟု Chinland Channel ကိုပြောသည်။
ယခုအပါတ်စဉ် (၂) သင်တန်းတွင် သင်တန်းသား ၅၄ ယောက် တက်ရောက်၊ သင်တန်းဆင်းခဲ့ပြီး၊ သင်တန်းဆင်းပွဲသို့ Hualngoram People Organization (HPO) နှင့် CDF-Hualngoram မှ ခေါင်းဆောင်များ၊ တာဝန်ရှိသူများ၊ ဒေသန္တရ အုပ်ချုပ်ရေး အဖွဲ့ဝင်များ တက်ရောက်ခဲ့ကြောင်း သိရှိရသည်။
ဓါတ်ပုံ – CDF Hualngoram


