CSPPF တွင် တာဝန်ထမ်းဆောင်နေကြသော CDM ရဲတပ်သားများအတွက် Youth For Myanmar မှ ငွေကျပ် သိန်း ၁၆၀ ထောက်ပံ့လှူဒါန်း
Chinland Channel/ ၂၀ ဇန်နဝါရီ ၂၀၂၅
ချင်းပြည်နယ်ပြည်သူ့ရဲတပ်ဖွဲ့ (CSPPF)တွင် တာဝန်ထမ်းဆောင်လျက်ရှိသော CDM ပြည်သူ့ရဲတပ်ဖွဲ့ဝင်များအတွက် Youth For Myanmar – YFM မှ မြန်မာငွေ ကျပ် ၁၆,၀၀၀,၀၀၀ တိတိ ကူညီထောက်ပံ့ပေးမှုအား လက်ခံရရှိခဲ့ကြောင်း CSPPF ထံမှ သိရသည်။
ချင်းပြည်နယ်၊ ချင်းပြည်သူလူထုနှင့် တရားမျှတမှုများအတွက် စစ်ကောင်စီကို တော်လှန်ရင်း တရားဥပဒေစိုးမိုးရေး လုပ်ငန်းများ ဆောင်ရွက်ရန် ချင်းပြည်နယ်ပြည်သူ့ရဲတပ်ဖွဲ့ဝင်များအဖြစ် မြေပြင်၌ တာဝန်ထမ်းဆောင်ကြသည့် (CDM) ပြည်သူ့ရဲတပ်ဖွဲ့ဝင်များအတွက် လှူဒါန်းပေးခြင်းဖြစ်ကြောင်း CSPPF တာဝန်ရှိသူက ချင်းလဲန်းချန်နယ်သို့ ပြောသည်။
“CSPPF မှာ တာဝန်ထမ်းဆောင်နေကြတဲ့ ရဲတပ်ဖွဲ့ကနေ CDM ဝင်လာတဲ့သူတွေကိုပဲထောက်ပံ့တာဖြစ်ပါတယ်။ အင်အားများတော့ ကျန်တပ်ဖွဲ့ဝင်တွေအတွက်လည်း ကြိုးစားနေပါတယ်။” ဟု ချင်းပြည်နယ်ပြည်သူ့ရဲတပ်ဖွဲ့ (CSPPF) တာဝန်ရှိသူက ဆိုသည်။
အဆိုပါ ကူညီထောက်ပံ့ပေးမှုအား ကောင်းမွန်ပြည့်စုံစွာ လက်ခံရရှိကြောင်းနှင့် ကျေးဇူးအထူးတင်ရှိပါကြောင်း ချင်းပြည်နယ် ပြည်သူ့ရဲတပ်ဖွဲ့မှ ယနေ့ ဇန်နဝါရီ ၂၀ရက်တွင် ထုတ်ပြန်သည်။
Youth for Myanmar အဖွဲ့ သည် စစ်ရှောင်ကလေးများ ပညာရေးသင်ကြားနိုင်ရေး၊ CDM ဝန်ထမ်းများ တတ်နိုင်သမျှကူညီနိုင်ရေးများ ဆောင်ရွက်လျှက်ရှိကြောင်း သိရသည်။
၂၀၂၄ခုနှစ်၊ ဒီဇင်ဘာလတွင်လည်း ချင်းပြည်နယ်အတွင်းရှိ ကျန်းမာရေးဝန်ထမ်း ဖလမ်းမြို့နယ်တွင် ၁၁ဦး၊ ကန်ပလက်မြို့နယ်တွင် ၁၁ဦး၊ မင်းတပ်မြို့နယ်တွင် ၁၇ဦး၊ မတူပီမြို့နယ်တွင် ၈ဦး၊ တီးတိန်မြို့နယ်တွင် တစ်ဦး၊ တွန်းဇံမြို့နယ်တစ်ဦး စုစုပေါင်း ၄၉ဦးကို တစ်ဦးလျှင် မြန်မာငွေကျပ် နှစ်သိန်းဆီ ထောက်ပံ့ပေးခဲ့ကြောင်း Youth For Myanmar အဖွဲ့ထံမှ သိရသည်။
ထောက်ပံ့မည့်သူများကို ရွေးချယ်ရာတွင် CDM လုပ်ပြီးယုံသာမက လက်ရှိတွင် မြေပြင်၌ မိမိတတ်စွမ်းသောပညာဖြင့် တာဝန်တစ်ခုခု ထမ်းဆောင်သောသူများကို အဓိကရွေးချယ်ကြောင်း Youth For Myanmar အဖွဲ့ကဆိုသည်။
သတင်း- Joshua
ပုံစာ- ထောက်ပံ့ငွေပေးအပ်စဥ်
