October 6, 2025

CDF – Mara နှင့် MDF အကြား ငြိမ်းချမ်းရေးသဘောတူညီမှုတစ်ချို့ကို MDF ချိုးဖောက်

0

Chinland Channel / ၁၀ ဒီဇင်ဘာ ၂၀၂၄ 

မရာ (Mara) ဒေသအတွင်း ပြည်သူများ ငြိမ်းချမ်းစွာနေထိုင်နိုင်ဖို့ ဘာသာရေးခေါင်းဆောင်များက ဦးဆောင်ပြီး CDF – Mara နှင့် MDF အကြား အပစ်အခတ်ရပ်စဲဖို့နဲ့ မရာ (Mara) ပြည်သူပြည်သားအားလုံး တစုတစည်းတည်း နေထိုင်နိုင်ရန်အတွက် ၂၀၂၄ ခုနှစ် အောက်တိုဘာ ၁၆ ရက်နေ့က၊ အိန္ဒိယနိုင်ငံတစ်နေရာမှာ တွေ့ဆုံဆွေးနွေးပွဲ ပြုလုပ်ခဲ့ပြီး နှစ်လအတွင်း နှစ်ဖက်အကြား ငြိမ်းချမ်းရေးသဘောတူညီမှုတွေလုပ်ခဲ့ပေမယ့်လည်း MDF ဖက်ကနေ သဘောတူညီမှုတစ်ချို့ကို ချိုးဖောက်နေတယ်လို့ သိရှိရပါတယ်။

အဲ့ဒီသဘောတူညီချက်တွေထဲမှာ MDF အနေနဲ့ AA တပ်များကို Mara ဒေသအတွင်းမှ ထွက်ခိုင်းရန်နှင့် CDF – Mara ဖက်ကလည်း ချင်းပြည်အစိုးရတပ်ဖွဲ့များကို နေရာရွေ့ပေးစေဖို့ ဆိုတာလည်း ပါရှိတယ်လို့ သိရှိရပါတယ်။

ဒီကိစ္စနဲ့ ပါတ်သက်ပြီး CDF-Mara ကာကွယ်ရေးအတွင်းရေးမှူးက – “ ဒီနှစ်လအတွင်းမှာတင် နှစ်ဖက်ကြား သဘောတူညီမှုတစ်ချို့ကို MDF ဖက်က အလေးမထားဘဲ AA နဲ့ပေါင်းပြီး တပ်အင်အားဖြည့်တာ အင်အား အလုံးအရင်းနဲ့ ပင်တီယာဘက်မှာ စစ်ကြောင်းထိုးတာမျိုး တွေလုပ်နေပြီး ပြည်သူလူထုကိုမငဲ့ညာပဲ  လက်နက်ကြီးနဲ့ ပစ်ခတ်မှုတွေ လုပ်တာကြောင့် ပြည်သူ ၂ ဦးလည်း သေဆုံးသွားရရှာတယ်။ ကျွန်တော်တို့ဖက်ကတော့ သဘောတူညီမှုတွေကို အလေးထားပြီး ယနေ့အချိန်ထိ လိုက်နာနေပါတယ်။ သူတို့ ကျူးလွန်တာတွေကိုလည်း တုံ့ပြန်တာတွေ မလုပ်ဘူး “ – လို့ Chinland Channel ကို ပြောပါတယ်။

ဒါ့အပြင် စပေါ်၊ ဒါလင်၊ ပါကိုးရွာဖက်တွေမှာ အင်အားအလုံးအရင်းနဲ့ ရွာထဲတွေကို ဝင်စီးတာ၊ ပြည်သူတွေကို နည်းမျိုးစုံနဲ့ ခြိမ်းခြောက်မှုတွေ၊ ဖိအားပေးမှုတွေ လုပ်နေသလို လမ်းပြုပြင်ဖို့အတွက်ဆိုပြီး ပိုက်ဆံကောက်ခံမှုတွေရှိတာမှာ  ပြည်သူလူထုဘက်က လက်မခံတာကြောင့် အတင်းအဓမ္မခိုင်းစေမှုနဲ့ မိုင်းတွေထောင်ပြီး ခြိမ်းခြောက်မှုတွေ ရှိတယ်လို့လည်း CDF-Mara ကာကွယ်ရေးအတွင်းရေးမှူးက ထပ်လောင်းပြောပါတယ်။ 

ဒီအခြေအနေတွေနဲ့ ပါတ်သက်လို့ သတင်းရေးသားချိန်အထိ MDF ဘက်ကို Chinland Channel အနေနဲ့ ဆက်သွယ်ဖို့ ကြိုးစားပေမယ့် ဆက်သွယ်လို့ မရနိုင်သေးပါဘူး။ 

လက်ရှိမှာ မရာနှစ်ဖွဲ့အကြား ထိတွေ့မှု မဖြစ်ရေး၊ အပစ်အခတ်ရပ်စဲရေး၊ ငြိမ်းချမ်းမှုတည်ဆောက်နိုင်ရေးတို့ကို နည်းပေါင်းစုံနဲ့ ကြိုးပမ်းနေကြပေမယ့် အခုထိမပြေလည်နိုင်သေးကြောင်း သိရပါတယ်။ 

About The Author

Leave a Reply

Your email address will not be published. Required fields are marked *

You may have missed