October 6, 2025

CDF-Mara နှင့် CNA တပ်ချထားသည့် နေရာကို MDF နှင့် AA ပူးပေါင်းတပ်ဖွဲ့ဝင်ရောက်တိုက်ခိုက်

0

Chinland Channel | ၁၃ နိုဝင်ဘာ ၂၀၂၄ 

ချင်းပြည်၊ မတူပီမြို့နယ်တွင်းရှိ ပင်သီယာကျေးရွာ၌ စခန်းချထားသည့် ချင်းလဲန်းအစိုးရတပ်ဖွဲ့ဝင် CDF-Mara နှင့် CNA တပ်ကို MDF နှင့် AA ပူးပေါင်းတပ်မှ အင်အားအလုံးအရင်းဖြင့် ဝင်ရောက်တိုက်ခိုက်ရာ CNA နှင့် ပင်သီယာကျေးရွာဒေသခံသေဆုံးမှုများရှိပြီး အရပ်သားပြည်သူများလည်း ထိခိုက်ဒဏ်ရာရသူအများအပြားရှိခဲ့ကြောင်း သိရှိရသည်။

CDF-Mara နှင့် CNA တို့တပ်ချထားသည့် နေရာသို့ MDF နှင့် AA မှ အင်အား ၁၀၀ကျော်ခန့်ဖြင့် တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး၊ ထိတွေ့မှုမှာ တစ်နာရီကျော်ခန့် ကြာမြင့်ခဲ့ကြောင်း သိရသည်။ လက်ရှိတွင် CDF-Mara နှင့် CNA တို့မှ နောက်ဆုတ်ထားပြီး ပြည်သူများမှာလည်း ဘေးလွတ်ရာသို့ ရှောင်တိမ်းနေရကြောင်း သိရသည်။ 

“ မနေ့ နိုဝင်ဘာလ ၁၁ ရက်နေ့ ညနေပိုင်း ၃နာရီမှာ AA နဲ့ MDF အင်အား ၁၀၀ကျော် ပင်သီယာရွာထဲကို အလုံးအရင်းနဲ့ ဝင်လာကြပြီး ဒရုန်းအပါအဝင် ၄၀မမ၊ ၆၀မမ နဲ့ လက်နက်ငယ်တွေနဲ့ တွေ့သမျှ လူနဲ့နေအိမ်တွေကို ရမ်းသမ်းပစ်ခတ်မှုတွေပြုလုပ်တယ်။ ကိုယ့်ဖက်က ပစ်ခတ်မှုတွေ ပြန်ပြုလုပ်ရင် ပြည်သူတွေ အရမ်းထိခိုက်သေဆုံးမှု၊ ဆုံးရှုံးမှုတွေများနိုင်တာမို့ နောက်ဆုတ်ပေးလိုက်ရတယ်။ ဆုတ်လမ်းမှာလည်း အဆင်သင့်ချောင်ခိုတိုက်ခိုက်မှုပြုလုပ်တဲ့အတွက် CNA ရဲဘော်နှစ်ယောက် ကျဆုံးရတယ်။ ဒေသခံရွာသားတွေလည်း ဘေးလွတ်ရာဒေသို့ ထွက်ပြေးကြရတယ် “ – ဟု ချင်းလဲန်းအစိုးရတပ်ဖွဲ့ဝင်တာဝန်ရှိ တစ်ဦးက Chinland Channel ကို ပြောသည်။

“ ပစ်ခတ်မှုတွေကြားတာနဲ့ ရွာသားတွေဘေးလွတ်ရာထွက်ပြေးကြရပါတယ်။ သူတို့ပစ်ခတ်မှုကြောင့် အနည်းဆုံး (၇)ယောက်လောက် ကျနော်တို့ရွာသားတွေ သေဆုံးနိုင်တယ်။ အမျိုးသမီးတယောက်ကတော့ စပစ်တာနဲ့ ပွဲချင်းပြီးသေတာဖြစ်တယ်။ ဒဏ်ရာရသူတွေလည်းအများကြီးရှိနိုင်တယ်။ မပြေးနိုင်တဲ့သူတွေရဲ့ အခြေအနေတော့ ဖုန်းလိုင်းသုံးလို့မရလို့ လုံးဝမသိရှိနိုင်တော့ဘူး “ – ဟု လွတ်မြောက်လာသည့် ပင်သီယာရွာသားတစ်ဦးက Chinland Channel ကို ပြောသည်။

“ လက်ရှိစစ်ရေးက သူတို့ကနေ စပေါ်ရွာဘက်ကို စစ်ကြောင်းထိုးမယ်လို့ သတင်းကအတိအကျ သိထားပြီး ဖြစ်တာကြောင့် ထိတွေ့မှုတွေ ပိုများ၊ ပိုပြင်းထန်လာနိုင်ချေ ရှိပါတယ်။ စစ်ကြောင်းမှာတော့ MDF နဲ့ AA ပဲပါတယ်လို့ သိထားပြီး ကျန်အဖွဲ့တွေ ပါ၊ မပါတော့ ထပ်လေ့လာစုံစမ်းတုန်းပဲ” – ဟု IMC/CDF-Mara မှတာဝန်ရှိသူတစ်ဦးက Chinland Channel ကိုပြောသည်။ 

ယခုဖြစ်စဥ်နှင့် ပါတ်သက်ပြီး သတင်းရေးသားချိန်အထိ MDF ဘက်ကို Chinland Channel အနေဖြင့် ဆက်သွယ်၍ မရနိုင်သေးပါ။ 

CNF/CNA ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းထက်နီ ကို ဖြစ်စဉ်နှင့် ပါတ်သက်ပြီး Chinland Channel မှမေးမြန်းရာတွင် – “ CNA တပ်ချတဲ့ ပင်တီယာရွာကို ရည်ရွယ်ချက်ရှိရှိနဲ့လာဝိုင်းပြီး ပစ်ကြတာပါ၊ အရင်တုန်းကလည်း CNA နဲ့ CDF Mara တပ်ချတဲ့နေရာကို လာရောက်ပစ်ခတ်ခဲ့တာတွေလည်းရှိတယ်။ ဒါက စစ်ရေးအရ တမင် လာရန်စတာပဲ “ – ဟု ဖြေကြားထားပါသည်။ 

CNA နှင့် IMC/CDF-Mara သည် Chinland Council ၊ Chinland Government တို့ နှင့် လက်တွဲနေသော အဖွဲ့အစည်းဖြစ်ပြီး၊ MTC/ MDF မှာ CB ၊ ICNCC တို့နှင့်အတူ လက်တွဲနေသော အဖွဲ့အစည်းဖြစ်သလို AA နှင့်လည်း မဟာမိတ်ပြုထားကြောင်း သိရှိရသည်။ IMC/CDF-Mara နှင့် MTC/MDF တို့ပေါင်းစည်းနိုင်ရေးကို နည်းလမ်းမျိုးစုံဖြင့် ကြိုးပမ်းနေကြသော်လည်း ယခုတိုင်အထမမြောက်သေးဟု သိရကာ၊ နောက်ဆုံးတွေ့ဆုံခဲ့သည့် အစည်းအဝေးတွင် MDF မှတောင်းဆိုချက်ကို တုံ့ပြန်သောအားဖြင့် ယမန်နေ့ နိုဝင်ဘာ ၁၁ ရက်စွဲဖြင့် IMC/CDF-Mara သည် မည်သည့်လူမျိုး၊ အဖွဲ့အစည်း လွှမ်းမိုးမှုအောက်မှာ မရှိသော အဖွဲ့အစည်းဖြစ်ကြောင်း ထုတ်ပြန်ထားသည်။   

About The Author

Leave a Reply

Your email address will not be published. Required fields are marked *

You may have missed