CDF-KKG ပြောရေးဆိုခွင့် ရှိသူကို ဆက်သွယ်မေးမြန်းခြင်း
Chinland Channel / ၄ သြဂုတ် ၂၀၂၅
CDF-KKG ရဲ့
⁃ လတ်တလောစစ်ရေး၊
⁃ ဆက်လက်ဖော်ဆောင်မယ့် စစ်ရေးကိစ္စရပ်တွေနဲ့
⁃ ချင်းပြည်အတွင်း မကြာသေးမီက ဖြစ်ပွားခဲ့တဲ့ လက်နက်ကိုင်တော်လှန်ရေးအဖွဲ့တွေကြား ပွတ််တိုက်မှုတွေအကြား CDF-KKG ပါဝင်ခဲ့မှု ရှိ/ မရှိ
စတဲ့ ကိစ္စရပ်တွေကို သိရှိနိုင်ဖို့ရန် CDF-KKG ရဲ့ ပြောရေးဆိုခွင့် ရှိသူကို ဖုန်းဖြင့် မေးမြန်းခဲ့မှု ဖြစ်ပါတယ်။
မေး – မင်္ဂလာပါ ခင်ဗျ။ အခုလို ကျနော်တို့ Chinland Channel ကို အချိန်ပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်။
ဖြေ – ဟုတ်ကဲ့ – မင်္ဂလာပါ။
မေး – ပထမဆုံး မေးချင်တာကပေါ့နော်၊ အခု လက်ရှိ ဆရာတို့ အခြေပြုတဲ့ ကလေး၊ဂန့်ဂေါ ဒေသစစ်ရေး အခြေအနေ ဘယ်လိုရှိသလဲ၊ ဖြေလို့ ရသလောက် ဖြေပေးစေချင်ပါတယ်။
ဖြေ – ဟုတ်ကဲ့ ၊ ကလေးတောင်ပိုင်းပေါ့နော်၊ ကျနော််တို့တတွေ CDF-KKG Major Operation အမည်နဲ့ မဟာမိတ်တပ်တွေနဲ့ ပူးပေါင်းပြီး စစ်ရေး ဖော်ဆောင်ခဲ့ရာမှာ စခန်း ၅ ခု၊ ကျေးရွာ ၃ ရွာကို သိမ်းပိုက်နိုင်ခဲ့တယ်။ အခုထိလည်း သိမ်းပိုက်ပြီးတဲ့ စခန်းတွေ၊ ကျေးရွာတွေကို အပြည့်အဝ ထိန်းချုပ်ထားနိုင်ဆဲ ဖြစ်တယ်။ စစ်ကောင်စီ ဘက်ကနေတော့ ဟံသာဝတီကို အမာခံ အခြေပြုပြီး ပြန်လည် ထိုးစစ်ဆင်ဖို့ လုပ်ဆောင်နေတာ မေလကတည်းက ဖြစ်ပါတယ်။ ၃ လတာအတောအတွင်းမှာ သူတို့တွေ ပြန်လည်စစ်ကြောင်းထိုးတာမှာ ထိတွေ့မှုပေါင်း ၂၀ ထက်မကတော့ပါဘူး။ စစ်ကြောင်း အကြီးအသေး အကုန်ပေါင်းပေါ့နော်။ ဒီသြဂုတ်လ မနေ့ ၊ ၂ ရက်နေ့ကလည်းပဲ အင်အား ၂၅၀-၃၀၀ ဝန်းကျင်နဲ့ စစ်ကြောင်းခွဲပြီး ပြန်လည်ထိုးစစ်ဆင်လာခဲ့တယ်။ တရက်လုံးတိုက်ပွဲ ပြင်းထန်ပြီး သူတို့ပြန်လည်ဆုတ်ခွာသွားခဲ့ပါတယ်။
ဂန့်ဂေါဘက်မှာ ဆိုရင်တော့ လက်ရှိ အောင်မြင်၊ ရှောက်ပင် ကျေးရွာမှာ စစ်ကောင်စီတပ် အထိုင်ချထားတာ ရှိတယ်။ ဒီကျေးရွာ၊ ဒီလမ်းဆိုတာက ကုန်စည်ကူးသန်း ရောင်းဝယ်ရေးအတွက် အရေးပါတဲ့ လမ်းဖြစ်သလို အများပြည်သူကလည်း အားကိုးအားထား ပြုရတဲ့ လမ်းတွေဖြစ်ပါတယ်။ ဒါကြောင့် ဒီအထိုင်ချလာတဲ့ စကစတပ်ကို ပြန်လည်တိုက်ထုတ်နိုင်ရေးကိုလည်း ကြိုးပမ်းဖို့ လိုပါမယ်။ ဒီ့အတွက် ကျနော်တို့ဘက်ကတော့ စစ်ရေးအရ ဖော်ဆောင်နိုင်မည့် နည်းလမ်းတွေ၊ ပါဝင်ပူးပေါင်းနိုင်မယ့် ကိစ္စရပ်တွေအတွက် ပြင်ဆင်နေတာတွေတော့ ရှိနေပြီလို့ အကြမ်းဖျင်း ပြောလို့ရပါတယ်။
မေး – တလက်စတည်းပေါ့၊ ဆရာတို့ စစ်ရေးနဲ့ပဲ ဆက်စပ်ပြီး ထပ်မံမေးမြန်းလိုပါတယ်။ ဆရာတို့အနေနဲ့ CDF-KKG Major Opertaion အမည်နဲ့ စစ်ရေးတရပ် ဖော်ဆောင်ခဲ့ပါတယ်။ အောင်မြင်မှုတွေလည်း ရခဲ့တယ်။ ပြီးတော့ ဆရာတို့ Major Operation သည် မပြီးဆုံးသေးဘူး၊ ရှေ့ဆက်မယ်လို့လည်း ပြောခဲ့တာ ရှိတယ်။ ဆိုတော့ ဆရာတို့ စစ်ရေးဘယ်လိုဆက်ဖို့ ရှိနိုင်မလဲ၊ ပြည်သူတွေ သိလို့ ရနိုင်သမျှကိုလည်း ဖြေပေးစေချင်ပါတယ်။
ဖြေ – ဟုတ်ကဲ့။ ကျနော်တို့ Major Operation ၊ ဒီစစ်ဆင်ရေးသည် မပြီးဆုံးသေးဘူးလို့ ပြောခဲ့ပါတယ်။ ကျနော်တို့ Major Operation က ကြံသာအထိပဲ သိမ်းထားတာ ရှိပါသေးတယ်။ ဒါကြောင့် ဒီစစ်ရေးလမ်းကြောအရကိုပဲ ဆက်ကြည့်မယ်ဆိုရင်တောင် ကလေး-ဂန့်ဂေါ အာရှလမ်းမကြီးပေါ့နော်။ ဒီလမ်းမကြီးနဲ့ မြစ်သာမြစ်ကြောတွေမှာက ပျူစောထီး စိုးမိုးတဲ့ ကျေးရွာက ၁၀-၁၂ ရွာဝန်းကျင် ရှိပါတယ်။ အဲ့ဒီမှာ ကျနော်တို့က ကြံသာကိုတော့ သိမ်းထားပြီးပြီ။ အဓိကျတဲ့ ဟံသာဝတီနဲ့ မြောက်ခင်ရန်းတော့ ကျန်နေသေးတယ်။ ဒီ ကလေး-ဂန့်ဂေါ လမ်းမကြီးကို ပြန်ဖွင့်နိုင်ရေးဟာ အင်မတန်မှ အရေးပါတဲ့ ကိစ္စရပ်ဖြစ်သလို ဒေသခံပြည်သူတွေ တကယ်ကို လိုလားတဲ့ အရာလည်း ဖြစ်ပါတယ်။
ကျနော်တို့ Major Operation ဆက်ပြီး သွားဦးမှာ ဖြစ်တယ်ဆိုတာတော့ ထပ်လောင်းပြောကြားလိုပါတယ်။ ဒါပေမယ့် စစ်ဆင်ရေးတရပ်ကို လုပ်ဖို့ဆိုတာက တကယ်မလွယ်တဲ့ အရာပါ။ ရှေ့စစ်ဆင်ရေးမှာတုန်းကလည်း ကျနော်တို့ ကြိုတင်ပြင်ဆင်ခဲ့ရတာ လနဲ့ချီကြာပါတယ်။
မေး – ဒါဆိုတော့ ဒီ ကလေး-ဂန့်ဂေါ လမ်းမကြီးကို ပြန်ဖွင့်ရေးဆိုတာက ဆရာတို့အတွက် ကြီးမားတဲ့ စစ်ရေးရည်မှန်းချက် တခုလို့ပြောရင် ရနိုင်မလား။
ဖြေ – ဒီလမ်းမကြီးကို ပြန်ဖွင့်ရေး ဆိုတာကတော့ ပြောရရင် ဂန့်ဂေါနဲ့ ကလေးကြားမှာ ဘယ်စစ်ကောင်စီ စခန်းစစ်စစ်မှ မရှိတော့ဘူး၊ ပျူစောထီးစိုးမိုးအားကောင်းရွာတွေကို ရှင်းလင်းနိုင်ပြီဆိုရင် စကစကင်းစင်ပြီးသွားတဲ့ လမ်းကြောဖြစ်လာမှာပေါ့နော်။ ဆိုတော့ လမ်းကြောဖွင့်နိုင်ရေးဆိုတာက ပျူစောထီးအားကောင်းစိုးမိုးရွာတွေကို ရှင်းလင်းနိုင်ရေးနဲ့ ထပ်တူကျမယ် ထင်ပါတယ်။ ကျနော်တို့ရဲ့ အဓိကစစ်ရေး ရည်မှန်းချက်တခု ဖြစ်တယ်ဆိုရင်လည်း မမှားပါဘူး။
မေး – ကျေးဇူးပါ ဆရာ၊ နောက်ဆုံးတခု မေးချင်တာက မကြာသေးခင် လတ်တလောအတွင်းက ချင်းပြည်အတွင်း လက်နက်ကိုင်တော်လှန်ရေး အဖွဲ့အစည်းတွေအကြား ပဠိပက္ခတွေ၊ ပစ်ခတ်ကြသည်အထိ ဖြစ်ခဲ့ကြတဲ့ ကိစ္စရပ်တွေမှာ CDF-KKG ပါဝင်တယ် ဆိုတဲ့အသံတွေ ထွက်ခဲ့တာ ရှိပါတယ်။ အဲ့ဒီအပေါ်မှာ ဆရာတို့ဘက်ကနေ မှတ်ချက်ပေးဖို့ ၊ ဖြေရှင်းချက်ပေးဖို့များ ရှိမလား သိချင်ပါတယ်။
ဖြေ – အဲ့ကိစ္စ ကျနော်တို့လည်း ကြားသိရသလို ရိုက်ခတ်မှုလည်း အတော်လေးပြင်းထန်ခဲ့တာရှိတယ်။ အထူးသဖြင့် ကျနော်တို့ အခြေပြုတဲ့ ကလေး-ကဘော်-ဂန့်ဂေါ ဒေသမှာဆို ပိုပြီးရိုက်ခတ်ခဲ့သလို မေးခွန်းတွေလည်း တော်တော်လေး ဖြစ်ခဲ့တာ ရှိပါတယ်။ ကျနော်တို့ KKG မှာဆိုရင် ဗမာ၊ ယော၊ ချင်း စသဖြင့် စုပေါင်းပြီး လက်တွဲညီစွာ အလုပ်လုပ်နေကြတာ၊ ချင်းမှာဆိုရင်တောင် သိတဲ့အတိုင်း မျိုးနွယ်ကွဲ စသဖြင့် ရှိပြီး အဲ့လိုလူတွေ ရဲဘော်တွေ စုစည်းကြတဲ့ အဖွဲ့အစည်း ဖြစ်တယ်။ ဆိုတော့ ဒီဖြစ်စဉ်တွေအတွင်း CDF-KKG ပါဝင်တယ်ဆိုတဲ့ အသံတွေ အွန်လိုင်းထက်မှာ ထွက်ပေါ်လာချိန် ပြည်သူတွေ ယုန်ထင်ကြောင်ထင် ဖြစ်တာတွေလည်း ရှိခဲ့ကြပါတယ်။ တကယ့်တကယ်မှာ ဒီလို ဖြစ်လာရတာက ပုဂ္ဂိုလ်ရေးစွဲ၊ အဖွဲ့အစည်းစွဲကြတဲ့ လော်ဘီတချို့ကြောင့်လည်း ပါသလို မြေပြင်အခြေအနေအကြောင်းကို မသိပဲ ရမ်းသန်းပြောဆိုပြီး စွပ်စွဲချက်ဆန်တဲ့ ပြောဆိုချက်တွေကြောင့် လည်းဖြစ်ပါတယ်။ လက်တွေ့မှာတော့ ကျနော်တို့ ပါဝင်ပါတ်သက်တယ် ဆိုတာတွေက အခြေအမြစ် မရှိတဲ့ စွပ်စွဲချက်တွေပါ။ လုံးဝမှန်ကန်မှု မရှိကြောင်း ယတိပြတ် ပြောလိုပါတယ်။ ဒါကို ပဠိပက္ခဖြစ်စဉ်အတွင်း တိုက်ရိုက်ပါဝင်ခဲ့ကြတဲ့ အဖွဲ့အစည်းများလည်း သိရှိပြီးဖြစ်သလို သူတို့ဘက်က မေးမြန်းလာချိန်မှာလည်း ကျနော်တို့ ရှင်းလင်းပြီး ဖြစ်ပါတယ်။ ဒါ့အပြင် အဲ့တုန်းက ဖြစ်ခဲ့တဲ့ လက်နက်ကိုင်ပစ်ခတ်ကြသည်အထိ ဖြစ်ခဲ့တဲ့ ပွတ်တိုက်မှုတွေ ပြေငြိမ်းရေး၊ အပစ်အခတ်ရပ်ရေး အတွက် လုပ်ခဲ့ကြတဲ့ အစည်းအဝေးတွေအတွင်းမှာလည်း ရှင်းလင်းပြောကြားခဲ့သလို သက်ဆိုင်ရာ အဖွဲ့အစည်းအသီးသီးတွေက မေးမြန်းလာချိန်မှာလည်း လုံးဝမပါဝင်ကြောင်းကို အာမခံ ပြောကြားခဲ့ပါတယ်။
အကြမ်းဖက် စစ်ကောင်စီကို လက်နက်တော်လှန်နေကြတဲ့ ချင်းတော်လှန်ရေး အဖွဲ့အစည်းတွေအကြား အဲ့ဒီလို ပွတ်တိုက်မှုဖြစ်ပြီး လက်နက်ကိုင်ဖြေရှင်းကြတဲ့အဆင့်အထိ ရောက်ခဲ့ကြတာ ကျနော်တို့ အနေနဲ့ များစွာစိတ်မကောင်းဖြစ်ရသလို မြေပြန့်ဘက်မှာ မှီတင်းနေထိုင်ကြတဲ့ ချင်းပြည်သူများလည်း စိတ်မကောင်းဖြစ်ကြရ၊ အခြားသူတွေလည်း ထိုနည်းလည်းကောင်း ဖြစ်ကြရပါတယ်။ အလုံးစုံပြေလည်မှု မရသေးသည့်တိုင် ပြဿနာတွေလျာ့ပါးပြီး တည်ငြိမ်တဲ့ အခြေအနေတခု ဖြစ်လာတာကိုလည်း ဝမ်းသာရပါတယ်။ ချင်းတမျိုးသားလုံး ညီညွတ်စွာနဲ့ တော်လှန်ရေးရည်မှန်းချက် ပြည့်စုံသည့်တိုင် အတူတကွ သွားနိုင်ကြဖို့လည်း မျှော်လင့်ပါတယ်။
မေး – နောက်ဆုံး ဖြည့်စွက်ပြောလိုတာရှိရင်လည်း ပြောပေးပါဦး။
ဖြေ – ဟုတ်၊ ကျနော်တို့ CDF-KKG အနေနဲ့က လက်ရှိမှာဆိုရင် ကိုယ်ပိုင်စစ်မျက်နှာ တခုကို မဟာမိတ်တွေနဲ့ လက်တွဲရင်ဆိုင်နေရသလို တခြားသော စစ်ရေးတွေမှာလည်း ပူးပေါင်းပါဝင်နေတဲ့ အခြေအနေတွေ ရှိပါတယ်။ များမကြာခင်အတွင်းမှာ ထိုးစစ်တွေပြန်လည် စတင်နိုင်ရေးကိုလည်း ကြိုးပမ်းနေရချိန်ပါ။ ပြောခဲ့ပြီးသလိုပဲ စစ်ရေးတခု ထိုးစစ်တခု ဖော်ဆောင်ရတာ တကယ်မလွယ်ပါဘူး။ ငွေကြေးကုန်ကျမှုပိုင်း၊ လက်နက်ခဲယမ်းပိုင်း စသဖြင့် အများကြီး ရှိပါတယ်။ ဒီ့အတွက် ကျနော်တို့ CDF-KKG စစ်ရေးပိုမိုရှေ့ဆက်နိုင်ဖို့အတွက် ပြည်သူ့အထောက်အပံ့များစွာ လိုအပ်ပါတယ်။ ကျနော်တို့ ရှေ့မှာ ဖော်ဆောင်ခဲ့တဲ့ တိုက်ပွဲတွေကို ကြည့်လိုက်တာနဲ့ စစ်ရေးမှာ တကယ်ကို လက်တွေ့လုပ်ဆောင်နေတဲ့ တော်လှန်ရေးအဖွဲ့ ဖြစ်တယ်ဆိုတာ သက်သေပြနိုင်မယ် ထင်ပါတယ်။
ပြီးတော့ နောက်တခု ရှိတာက ကျနော်တို့ CDF-KKG နဲ့ ပါတ်သက်နှီးနွယ်သော ယုံမှားဖွယ်ရှိလောက်တဲ့ မြေပြင်သတင်းမျိုး ဖြစ်ဖြစ်၊ အွန်လိုင်းသတင်းမျိုးဖြစ်ဖြစ် ရှိခဲ့သော် တိုက်ရိုက်ဆက်သွယ် မေးမြန်းမှုက ပိုထိရောက်ပါတယ်။ အွန်လိုင်းလော်ဘီများရဲ့ လိုရာတဖက်သတ်ဆွဲ ရေးသားမှုမျိုးကို တဖက်သတ်မယုံမိကြဖို့ လိုပါတယ်။ အခုဆရာတို့ Chinland Channel လိုမျိုး တိုက်ရိုက်လာမေးလိုက်ခြင်းကလည်း တတကယ်ထိရောက်ပါတယ်။ ဒီ့အတွက်လည်း ကျေးဇူးတင်ပါတယ်။ ဒီလောက်ပါပဲ။
cdfkkg #ချင်း #လက်နက်ကိုင် #တော်လှန်ရေး
