October 6, 2025

CDF-Kanpetlet တိုက်ခိုက်မှုကြောင့် CNA ပျံလွှားစစ်ကြောင်း ရဲဘော် ၂ ဦးဒဏ်ရာရ၊ ၁ ဦးဖမ်းဆီးခံရ

0

Chinland Channel/ ၄ ဇွန်လ၂၀၂၅

ချင်းပြည်၊ ကန်ပက်လက်မြို့နယ်အတွင်းရှိ CNA (ချင်းအမျိုးသားတပ်ဦး) ၏ ပျံလွှားစစ်ကြောင်းစခန်းကို CDF-Kanpetlet က တိုက်ခိုက်ခဲ့သဖြင့် CNA ရဲဘော် ၂ ဦး ဒဏ်ရာရပြီး ၁ ဦး ဖမ်းဆီးခံခဲ့ရကာ ဒေသတွင်း စစ်ရေးတင်းမာမှုများ ဆက်လက်ရှိနေကြောင်း မြေပြင်စစ်ရေးသတင်းရင်းမြစ်ထံမှ သိရသည်။

မေလ ၃၀ ရက် မွန်းလွဲ ၂နာရီအချိန်ခန့်တွင် CDF-Kanpetlet ခေါင်းဆောင် အောင်လိန်း၏ ညွှန်ကြားချက်ဖြင့် ဝိတိုရိယတပ်ရင်းနှင့် တူမီးတပ်ရင်းတို့က ပျံလွှားစစ်ကြောင်းစခန်းအား အလစ်အငိုက်ဝင်ရောက်တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး နှစ်ဖက်ပစ်ခတ်မှု တစ်နာရီခန့် ကြာမြင့်ခဲ့သည်ဟု စစ်ရေးသတင်းရင်းမြစ်က ဆိုသည်။

ဒေသခံစစ်ရေးသတင်းရင်းမြစ် “CNA စခန်းကို တူမီးတပ်ရင်း နဲ့ ဝိတိုရိယတပ်ရင်းတို့က ပေါင်းပြီး အလစ်တိုက်ခဲ့တာ။ ပျံလွှားစစ်ကြောင်းမှ ဒဏ်ရာရသူ နှစ်ယောက်ထဲက တစ်ယောက်က အပြင်းအထန်ဒဏ်ရာရပြီး၊ ရဲဘေ်တစ်ယောက်လည်း အဖမ်းခံလိုက်ရတယ်” ဟု Chinland Channel ကိုပြောသည်။

ကန်ပက်လက်မြို့နယ်၊ တိုက်နယ်အမှတ် (၅)တွင် ကျေးရွာပေါင်း ၃၀ ကျော်ရှိပြီး ထိုရွာများထဲမှ ရွာပေါင်း ၂၀ကျော်ကို Chinland Council ဘက်က အုပ်ချုပ်ရေးဖော်ဆောင်ခဲ့ခြင်းဖြစ်ပြီး ချင်းညီနောင်အဖွဲ့ (CB)အဖွဲ့မှ နယ်မြေကျူးကျော်တိုက်ခိုက်နေခြင်း ဖြစ်သည်ဟုဆိုသည်။

“CB တွေက အသက်မပြည့်သေးတဲ့လူငယ်တွေ၊ အမျိုးသမီးတွေကို အတင်းဖမ်းဆီးတာကြောင့် ပြည်သူတွေက CC (ချင်းလဲန်းကောင်စီ) ဘက်ကို ပူးပေါင်းလာကြတယ်။ အဲ့ဒီဒေသက အုပ်ချုပ်ရေးမှူးတွေကိုလည်း CB ဘက်က ဖမ်းဆီးဖို့လိုက်ရှာတာမျိုးလည်းရှိတယ်။ ချင်းညီနောင်က အုပ်ချုပ်ရေးကို သူတို့လက်အောက်မှာပဲရှိရမယ်လို့ဖိအားပေးတော့၊ အုပ်ချုပ်ရေးမှူးတွေက CC ဘက်ကို ကူးလာကြတယ်” ဟု အဆိုပါ သတင်းရင်းမြစ်က ဆက်လက်ပြောသည်။

“ဒီကိစ္စနဲ့ ပတ်သက်ပြီးတော့ ကျွန်တော်တို့အနေနဲ့က ပြောဖို့အဆင်မပြေသေးပါဘူး၊ လိုအပ်လာတဲ့အချိန်မှာ တရားဝင်စာထုတ်ပြန်ပေးပါမယ်” ဟု CDF-Kanpetlet ခေါင်းဆောင် ဆလိုင်း အောင်လိန်းက Chinland Channel ကိုပြောသည်။

CDF-Kanpetlet ၏ တိုက်ခိုက်မှုနှင့် ဖိအားပေးမှုများကြောင့် တိုက်နယ်အမှတ် (၅)ဒေသတွင် စစ်ရေးတင်းမာမှုများ ဆက်လက်ရှိနေပြီး ဒေသခံများ၏ လုံခြုံရေးအတွက် စိုးရိမ်စရာအခြေအနေတွင် ရှိနေဆဲဖြစ်ကြောင်း ဒေသခံစစ်ရေးသတင်းရင်းမြစ်များက ပြောသည်။

သတင်း- Joshua
ဓာတ်ပုံ- ကန်ပက်လက်ဒေသခံမှ ပေးပို့
ပုံအညွှန်း – CDF-Kanpetlet တိုက်ခိုက်မှုကြောင့် ဒဏ်ရာရသွားသော CNA ပျံလွှားစစ်ကြောင်းမှ ရဲဘော်။

About The Author

Leave a Reply

Your email address will not be published. Required fields are marked *

You may have missed