CDF-Kanpetlet ကျူးကျော်ဝင်ရောက်မှု ပဠိပက္ခတစုံတရာ ဖြစ်လာပါက ဒိုင်ရ်မျိုးနွယ် ချင်းထုံးစံအရ သားစဉ်မြေးဆက် (၉) ဆက်တိုင် တာဝန်ယူရမည်ဟု ဒိုင်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ ၊ ဒေသ (၁) ဒိုင်ရ်ဒေသ ထုတ်ပြန်
Chinland Channel ၊ ၂၀ ဇူလိုင် ၂၀၂၅
ဒိုင်ရ်ဒေသ (၁) ၊ CDF-Daai တပ်ရင်း (၁) ထိန်းချုပ်နယ်မြေအတွင်းသို့ CDF-Kanpetlet မှ၂၀၂၅ ခုနှစ်၊ ဇူလိုင် ၁၅ တွင် ဝင်ရောက်လာမှုအပေါ် ပြည်သူများ အထိတ်တလန့် ဖြစ်နေပြီး ၎င်းကျူးကျော်မှုကြောင့် ပဠိပက္ခ တစုံတရာဖြစ်လာပါက ချင်းအက်ဥပဒေ (ချင်းထုံးစံ) ၊ ဒိုင်ရ်မျိုးနွယ်စုများ ကျင့်သုံးခဲ့သည့် သားစဉ်မြေးဆက် (၉) ဆက်တိုင် CDF-Kanpetlet မှ တာဝန်ယူဖြေရှင်းရမည်ဟု ယမန်နေ့ ဇူလိုင် ၁၉ ရက်စွဲဖြင့် ဒိုင်ရ်ဒေသ (၁) ပြည်သူလူထု သဘောထား ထုတ်ပြန်ကြောင်း သိရှိရသည်။
ဒိုင်ရ်ဒေသ (၁) ပြည်သူလူထုတရပ်လုံး တည်ငြိမ်အေးချမ်းရေးကို ရှေးရှူကာ CDF-Kanpetlet အနေဖြင့် စစ်ကြောင်းထိုးဝင်ရောက် တပ်စွဲခြင်းကို အမြန်ဆုံး ပြန်လည်ဆုတ်ခွာပေးရန် ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
CDF-Kanpetlet မှလည်း ယမန်နေ့ ဇူလိုင် ၁၉ ရက်စွဲဖြင့် ထုတ်ပြန်ချက် ထုတ်ရာတွင် CDF-Kanepetlet ခွင့်ပြုချက်မရှိပဲ အခြားသော လက်နက်ကိုင်အဖွဲ့အစည်း မရှိရ မူဝါဒချမှတ်ခဲ့ပြီး ဖြစ်သကဲ့သို့ CB နှင့်ပူးပေါင်း၍ တိုက်ပွဲဝင်နေကြောင်း၊ နယ်မြေလုံခြုံရေးအရ ကန်ပက်လက်မြို့နယ်အတွင်း လှုပ်ရှားသွားလာနေသော CDF-Kanpetlet တပ်ဖွဲ့ဝင်များကို CDF-Daai ထိန်းချုပ်နယ်မြေအတွင်း ကျူးကျော်စစ်ကြောင်းထိုးသည်ဟု DRC မှ မဟုတ်မမှန် ထုတ်ပြန်ခဲ့ကြောင်း၊ CDF-Kanpetlet တပ်ဖွဲ့ဝင်များသည် ကန်ပက်လက်မြို့နယ်အတွင်းသာ လှုပ်ရှားနေခြင်း ဖြစ်ပြီး အခြားမည်သည့်အဖွဲ့အစည်းများ၏ ထိန်းချုပ်နယ်မြေကိုမျှ ကျူးကျော်ဝင်ရောက်ခြင်း မရှိကြောင်း ဆိုထားသည်။ ထို့ပြင် ကန်ပက်လက်မြို့နယ်အတွင်း ကျူးကျော်ဝင်ရောက်တပ်စွဲလာသော လက်နက်ကိုင် အဖွဲ့အစည်းများရှိပါက ချက်ချင်းပြန်လည်ရုပ်သိမ်းရန် အသိပေးကြောင်း တပါတည်းဖော်ပြထားသည်။
CDF-Kanepetlet သည် ကန်ပက်လက်မြို့နယ်ကို အပြည့်အဝကိုယ်စားပြုသော တပ်ဖွဲ့ဖြစ်၍ မြို့နယ်အတွင်းရှိ မည်သည့်နေရာကိုမဆို လိုအပ်သလို ဆက်လက်လှုပ်ရှားမည်ဖြစ်ကြောင်း ၊ ကျူးကျော်ဝင်ရောက်မှုရှိလာပါက ၎င်းအဖွဲ့အစည်းမှ အပြည့်အဝ တာဝန်ယူရမည် ဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
လတ်တလောလတွင် ချင်းပြည် (Chinland) အတွင်း ချင်းမျိုးနွယ်စုများနှင့် ချင်းတော်လှန်ရေးအဖွဲ့အစည်းများအကြား တင်းမာမှုများ ဖြစ်ပေါ်နေပြီး ၎င်းတင်းမာပွတ်တိုက်မှုများ အမြန်ဆုံး လျော့ပါးပပျောက်ရေးကို ပြည်သူတရပ်လုံးမှ လိုလားလျက်ရှိကြောင်း သိရသည်။

