October 6, 2025

CDF-Hualngoram အမည်ခံကာ သတင်းမှားဖြန့်ဝေသူများအား အရေးယူမည်ဟုဆို

0

Chinland Channel / ၂၂ ဇန်နဝါရီ ၂၀၂၅

ချင်းပြည်နယ်မြောက်ပိုင်း ၊ ဟွာလ်ငိုရမ်ဒေသတွင် CDF-Hualngoram အမည်အား အလွဲသုံးစားလုပ်ကာ သတင်းမှားဖြန့်ခြင်းများအား ပြင်းပြင်းထန်ထန် အရေးယူမည်ဟု HPO/CDF-Hualngoram က သတင်းထုတ်ပြန်သည်။

ဟွာလ်ငိုရမ်ဒေသတွင် CDF-Hualngoram အမည်အား အလွဲသုံးစားလုပ်ကာ အများပြည်သူအား ခြိမ်းခြောက်ခြင်း၊ အဖွဲ့အစည်းအမည်ပျက်စေရန်၊ ပုံရိပ်ကျဆင်းစေရန် ရည်ရွယ်၍ သတင်းမှားဖြန့်ခြင်းများအား ပြင်းပြင်းထန်ထန် အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း ထုတ်ပြန်ထားသည်။

“လွန်ခဲ့တဲ့ ၂၊၃လ လောက်ကတည်းက များလာတာ၊ ကျနော်တို့ဒေသမှာ အရက်မူးပြီး Hualngoram ရဲဘော်တွေဆိုပြီး ပြည်သူတွေကို ခြိမ်းခြောက်တာတွေရှိခဲ့တယ်။ မူးပြီး သူများကိုအနောက်ကနေ ဆိုင်ကယ်နဲ့တိုက် မတောင်းပန်တဲ့အပြင် Hualngoram ရဲဘော်တွေမို့ မင်းတို့ဘာမှ စောဒဂတက်စရာမလိုဘူး ဆိုပြီး ခြိမ်းခြောက်ကြတာတွေရှိတယ်။” ဟု CDF-Hualngoram တာဝန်ရှိသူက Chinland Channel သို့ပြောသည်။

ယခု ဇန်နဝါရီလအတွင်းမှာလည်း CDF-Hualngoram အမည်ပျက်စေရန် ရည်ရွယ်ကာ သတင်းမှားဖြန့်ခြင်းများရှိလာသဖြင့် ထိုလုပ်ဆောင်ချက်များအား အရေးယူရမည်ကို ကြိုတင်သိရှိနိုင်ရန် အသိပေးခြင်းဖြစ်သည်ဟု ၎င်းတာဝန်ရှိသူက ဆိုသည်။

ဟွာလ်းငိုးရမ်းဒေသ၊ ရိဒ်ခေါဒါရ်မြို့အခြေစိုက် စစ်ကောင်စီတပ်စခန်းနှစ်ခုကို CDF- Hualngoram နှင့် မဟာမိတ်ပူးပေါင်းအဖွဲ့များက ၂၀၂၃ခုနှစ် ၊နိုဝင်ဘာလ ၁၃ရက်တွင် တိုက်ခိုက်သိမ်းပိုက်ခဲ့သည်။
လက်ရှိတွင် ဟွာလ်ငိုရမ်ဒေသ၌ ချင်းလဲန်းကောင်စီ Chinland Council (CC)နှင့် ပူးပေါင်းကာ Hualngoram People Organization (HPO)မှ ပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်လျက်ရှိကြောင်း သိရသည်။

သတင်း- Joshua
ဓာတ်ပုံ- CDF-Hualngoram

About The Author

Leave a Reply

Your email address will not be published. Required fields are marked *

You may have missed