CDF-Hakha မှ စိတ်ကြွဆေးပြား ၃ သန်းခန့်နဲ့ ဘိန်းဖြူ ၁၁၀ ကီလိုဂရမ်ဖမ်းမိ
Chinland Channel / ၁၀ ၊ ဇူလိုင်လ၊ ၂၀၂၅
ချင်းပြည်နယ်၊ ဟားခါးမြို့နယ်ထဲမှာ စိတ်ကြွဆေးပြား ၃ သန်း ခန့် နဲ့ ဘိန်းဖြူ ၁၁၀ ကီလိုဂရမ်ခန့်ကို ဇူလိုင်လ ၈ ရက်နေ့မှာဖမ်းဆီးခဲ့တယ်လို့ Chinland Defense Force – Hakha က ဒီကနေ့သတင်းထုတ်ပြန်ထားပါတယ်။
ယင်းမာပင်ခရိုင်အမှတ် (၁၅) တပ်ရင်းမှူး ထောက်ခံစာဖြင့် ဖလမ်းမြို့နယ် ဗားရ်တံတားသို့ Hilux 9K-1693 နဲ့ ကိုစိုးသူပိုင်ဆိုင်သော 1J-6011 Forland ကားတို့ဖြင့် သယ်ယူပို့ဆောင်သော စိတ်ကြွဆေးပြား ၃သန်းခန့်၊ No. 4 ခေါ် ဘိန်းဖြူ ၁၁၀ကီလိုဂရမ်ခန့်၊ မောင်းပြန်သေနက်(၂)လက်၊ mini starlink(၂)ခုတို့နဲ့အတူ တော်လှန်ရေး ရဲဘော်(၃)ဦး၊ ယာဥ်မောင်း(၁)ဦး နှင့် စပယ်ယာ(၁)ဦးတို့အား Chinland Defense Force – Hakhaမှ ဟားခါးမြို့နယ်အတွင်း ဖမ်းဆီးခဲ့ခြင်းဖြစ်တယ်လို့ဆိုပါတယ်။
ယင်းမူးယစ်ဆေးဝါးနဲ့စိတ်ကိုပြောင်းလဲ စေသော ဆေးဝါးများ သယ်ယူပို့ဆောင်ရေးတွင် တာဝန်ခံဖြစ်သော မောင်ဇော်လတ် အမည်ရင်း ဦးဝင်းမော် နဲ့ ကိုပုတီး အမည်ရင်း ဦးကျော်မင်းဇော်တို့ဟာ ထွက်ပြေးတိမ်းရှောင် ခဲ့ကြတယ်လို့ဆိုပါတယ်။
အဆိုပါဖမ်းဆီးထားတဲ့ မူးယစ်ဆေးဝါးများနဲ့ စိတ်ကိုပြောင်းလဲစေနိုင်သော ဆေးဝါးများကို ၂၀၂၅ခုနှစ်၊ ဇူလိုင်လ(၉)ရက်နေ့မှာ မီးရှို့ဖျက်ဆီးခဲ့ပြီး ဖမ်းဆီးထားတဲ့တရားခံများကိုလည်း တရား ဥပဒေအတိုင်း အရေးယူ ဆောင်ရွက်သွားမယ်လို့ဆိုပါတယ်။
အလားတူ ဟားခါးမြို့နယ်အတွင်း မူးယစ်ဆေးဝါး နဲ့ စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများ ထုတ်လုပ်ခြင်း၊ ဖြန့်ဖြူးခြင်း၊ ရောင်းချခြင်း၊ သုံးစွဲခြင်းနဲ့ သယ်ယူပို့ဆောင်ခြင်းများကို ထပ်မံတွေ့ရှိပါက မိမိတို့ Chinland Defense Force – Hakhaမှ ထိရောက်စွာ အရေးယူသွားမယ်လို့ဆိုပါတယ်။
ဒါ့အပြင်ပြည်သူများမှလည်း မူးယစ်ဆေးဝါး တားဆီးတိုက်ဖျက်ရေးလုပ်ငန်းစဥ်များမှာ ပူးပေါင်းပါဝင် ပေးကြပါရန် တိုက်တွန်းနှိုးဆော်ထားပါတယ်။
သတင်း – Jessie
ဓါတ်ပုံ – ဖမ်းဆီးထားတဲ့မူးယစ်ဆေးဝါးများနဲ့တရားခံများအားတွေ့ရစဉ်
ဓါတ်ပုံ – CDF-Hakha

