CDF ကန်ပက်လက် ရဲဘော်များအား ကျမ်းသစ္စာကျိန်ဆိုခြင်းနှင့် လက်နက်တပ်ဆင်ရေးအခမ်းအနား ပြုလုပ်
Chinland Channel/ ၁ မတ်လ ၂၀၂၅
ချင်းပြည်နယ်၊ ကန်ပက်လက်မြို့နယ် အခြေစိုက်လှုပ်ရှားနေသော Chin Defence Force – Kanpetlet အနေဖြင့် အပတ်စဥ် (၁) အခြေခံစစ်ပညာသင်တန်းပြုလုပ်ခဲ့ပြီး ရဲဘော်များ ကျမ်းသစ္စာကျိန်ဆိုခြင်းနှင့် လက်နက်တပ်ဆင်ရေးအခမ်းအနား ပြုလုပ်ခဲ့ကြောင်း ယနေ့ တွင်သတင်းထုတ်ပြန်သည်။
လေးလကျော်ကြာမြင့်သော အခြေခံစစ်ပညာသင်တန်းတွင် ပြည်သူလူထုကို အကာကွယ်ပေးသည့် ပြည်သူ့အချစ်တော်တပ် နှင့် စစ်သည်တော်ကောင်းများဖြစ်လာစေရန်၊ စစ်စည်းကမ်းပြည့်ဝသည့် ပြည်သူ့စစ်သားကောင်းများပေါ်ပေါက်လာစေရန်နှင့် စစ်မှန်သောလွတ်မြောက်ခြင်းရရှိသည်အထိ တိုက်ပွဲဝင်ရန် ရည်ရွယ်ချက်ဖြင့် ပြုလုပ်ခြင်းဖြစ်ကြောင်း သိရသည်။
သင်တန်းဆင်း ရဲဘော်/ရဲမေများ၏ ကျမ်းသစ္စာကျိန်ဆိုခြင်းနှင့် လက်နက်တပ်ဆင်ရေးအခမ်းအနားကို ဖေဖော်ဝါရီလ၂၈ရက်နေ့တွင် ကျင်းပခဲ့ခြင်းဖြစ်ပြီး သင်တန်းပြုလုပ်ရန် ကူညီပေးခဲ့သော အာရက္ခတပ်တော်(ULA/AA) နှင့် ထောက်ပို့ပြည်သူများအား အထူးကျေးဇူးတင်ရှိကြောင်း ထုတ်ပြန်သည်။
Chin Defence Force – Kanpetlet သည် ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ ၁ ရက်နေ့တွင် စစ်ကောင်စီတပ် အာဏာသိမ်းချိန်မှစပြီး တိုက်ပွဲပေါင်းများစွာကို ဆင်နွှဲခဲ့ပြီး ကျင်ဒွေးမြို့နှင့် ကန်ပက်လက်မြို့နယ်ကိုလည်း အပြည့်အဝ ပြန်လည်သိမ်းပိုက်ထိန်းချုပ်နိုင်ခဲ့ပြီဖြစ်ပြီး အခြားသော မြို့သိမ်းစစ်ဆင်ရေးတွင်လည်း တိုက်ပွဲဝင်လျက်ရှိကြောင်း ဆိုသည်။
Chin Defence Force – Kanpetlet တပ်ဖွဲ့သည် ချင်းပြည်တောင်ပိုင်း၊ကန်ပက်လက်မြို့နယ်နှင့် ကျင်ဒွေးမြို့နယ်တို့အား ကိုယ်စားပြုသောတော်လှန်ရေးတပ်ဖွဲ့တစ်ခုဖြစ်သည်။
သတင်း- Joshua
ပုံစာ- ဖေဖော်ဝါရီလ ၂၈ရက်တွင် ပြုလုပ်သော CDF ကန်ပက်လက် ရဲဘော်များ၏ ကျမ်းသစ္စာကျိန်ဆိုခြင်းနှင့် လက်နက်တပ်ဆင်ရေးအခမ်းအနား မြင်ကွင်းအချို့
ဓာတ်ပုံ- Chin Defence Force – Kanpetlet


