AA ၏ ရခိုင်စာသင်ခိုင်းမည့်အစီအစဉ်နှင့် စစ်မှုထမ်းရန် စာရင်းကောက်ခံမှုတွေကြောင့် ပလက်ဝဒေသခံများ ထွက်ပြေးနေကြရ
Chinland Channel/ ၂၃ နိုဝင်ဘ ၂၀၂၄
ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်မှ ဒေသခံပြည်သူများသည် အရက္ခတပ်တော် အေအေ၏ ရခိုင်စာသင်ခိုင်းမည့် အစီအစဉ်နှင့် စစ်မှုထမ်း အစီအစဉ်များကြောင့် လုံခြုံသည့်နေရာများသို့ ထွက်ပြေးတိမ်းရှောင်နေကြရကြောင်း ဒေသခံများထံမှ သိရသည်။
အရက္ခတပ်တော် အေအေ သည် ပလက်ဝမြို့နယ်အတွင်း စာသင်ကျောင်းများဖွင့်လှစ်ပြီး ရခိုင်စာသင်ခိုင်းမည့် အစီအစဉ်ကို လက်ရှိဆောင်ရွက်လျက်ရှိသည်။ ၎င်းတို့ထိန်းချုပ်ထားသည့်ကျေးရွာတိုင်းတွင် အစည်းအဝေးခေါ်ကာ ကျောင်းစရိတ်အတွက် တစ်အိမ်ကို မြန်မာကျပ်ငွေ တစ်သောင်း မှ တစ်သောင်းခွဲအထိ လစဉ်ကောက်ခံမည် ဟုပြောကြားကြောင်းလည်း သိရသည်။
“သူတို့ထိန်းချုပ်ထားတဲ့ ကျေးရွာတွေမှာ အစည်းအဝေးတွေလိုက်လုပ်ပြီးတော့ ကျောင်းသား၊သူတွေအနေနဲ့ ရခိုင်စာသင်ရမယ်ပေါ့။ ကျောင်းနေရွယ်ကလေးရှိတဲ့ အိမ်ထောင်စုက တစ်သောင်းခွဲ၊ ကလေးမရှိတဲ့သူတွေက တစ်သောင်း လစဉ်ပေးရမယ်တဲ့။ ဒါကြောင့် ကျွန်တော်တို့ဒေသခံတွေက သူတို့ရဲ့ကလေးတွေကို ရခိုင်စာမသင် စေချင်လို့ ထွက်ပြေးနေကြတဲ့သူတွေ အများကြီးရှိတယ်။”ဟု နာမည်မဖော်လိုသည့် ပလက်ဝဒေသခံ အမျိုးသားတစ်ဦးမှ Chinland Channel ကိုပြောသည်။
ထို့အပြင် အရက္ခတပ်တော် အေအေတပ်ဖွဲ့ဝင်များသည် ဒေသတွင်းက လူငယ်၊လူလတ်ပိုင်းများကို စစ်မှုထမ်း ရမည်ဟုဆိုသောကြောင့် ထွက်ပြေးတိမ်းရှောင်ရသူတွေ များပြားကြောင်းသိရသည်။
“ အခုပလက်ဝမြို့နယ် အေအေထိန်းချုပ်နယ်မြေအတွင်းမှာ ဒေသခံတွေကို ပြည်သူ့စစ် ထမ်းဆောင်ရမယ် လို့ ပြောထားတာတွေရှိလို့လည်း အေအေတပ်ဖွဲ့ထဲမဝင်ချင်ကြလို့ ထွက်ပြေးနေတဲ့သူတွေ အများကြီးရှိတယ်။ မီဇိုရမ် ပြည်နယ်ဘက်နဲ့ ရန်ကုန်ဘက်ကို အဓိကထွက်ပြေးကြတာ။ကိုယ့်ဒေသမှာ စစ်ကောင်စီ မရှိတော့ပေမယ့် အခုလိုမျိုး လုံလုံခြုံခြုံမနေရဘဲနဲ့ ဟိုပြေးဒီပြေးပြေးနေရတာ တော်တော်စိတ်နာဖို့ကောင်းတယ်။” ဟု ပလက်ဝ ဒေသခံ အမျိုးသားတစ်ဦးကဆိုသည်။
ရက္ခိုင့်တပ်တော် အေအေသည် ပလက်ဝမြို့နယ်အတွင်း ပြည်သူများအပေါ် ထိန်းချုပ် ချုပ်ချယ်မှုများ ဆက်တိုက် လုပ်ဆောင်နေပြီး တောင်ယာစိုက်ခင်းကိုပင် လွတ်လွတ်လပ်လပ် လုပ်ပိုင်ခွင့်မရှိကြောင်းသိရသည်။
ပလက်ဝဒေသခံများသည် အေအေ၏ လုပ်ဆောင်ချက်များကြောင့် ယခုနှစ်အတွင်း မီဇိုရမ်ပြည်နယ်၊ လောင်တလိုင် ခရိုင်ထဲသို့ ထောင်နှင့်ချီ ရှောင်တိမ်းရောက်ရှိလာကြကြောင်း၊ လက်ရှိတွင်လည်း ဆက်လက် တိမ်းရှောင်ထွက်ပြေးနေကြဆဲဖြစ်ကြောင်း သိရှိရသည်။
သတင်း – Jessie
