October 6, 2025

CNO/CNDF တပ်ဖွဲ့များ ရိခေါဒါရ်မြို့မှ ပြန်လည်ဆုတ်ခွါ

0

Chinland Channel/ ၁၁ ဇူလိုင် ၂၀၂၅

ချင်းပြည်နယ်၊ ဖလမ်းမြို့နယ်၊ ဟွာလ်ငိုးရမ်းဒေသ ရိခေါဒါရ်မြို့အား ဝင်ရောက်တိုက်ခိုက်ပြီး အခြေချတပ်စွဲထားသော CNO/CNDF တပ်ဖွဲ့များသည် ဇူလိုင် ၁၀ ရက်နေ့ ညပိုင်းတွင် မြို့မှ ပြန်လည်ဆုတ်ခွါသွားကြောင်း HPO/CDF-Hualngoram မှ သိရသည်။

HPO/CDF-Hualngoram တာဝန်ရှိသူက “နှစ်ဖက်အဖွဲ့ဆွေးနွေးတွေက အခုထိတော့ သဘောတူညီမှုရရှိတာမျိုး ၊ဆုံးဖြတ်ချက်ချတာမျိုးမရှိသေးဘူး။ ဒါပေမယ့် ကျွန်တော့်တို့ဘက်ကနေ စစ်ရေးနဲ့ ဖိအားပေးပြီးတော့ ကျနော်တို့ဒေသကို ပြန်လည်ထိန်းချုပ်နိုင်ရေးပြန်လည် ကြိုးစားနေတာရှိတယ်။ မနေ့ညက သူတို့ ပြန်ဆုတ်ခွာသွားတာဖြစ်ပါတယ်။” ဟု Chinland Channel သို့ပြောသည်။

ဇူလိုင် ၂ ရက်နေ့မှ စတင်၍ CNO/CNDF တပ်ဖွဲ့က ဟွာလ်ငိုးရမ်းဒေသကို ကျူးကျော်တိုက်ခိုက်ခဲ့ပြီး ဇူလိုင် ၅ ရက်နေ့တွင် CNA တပ်မဟာ (၄) အခြေစိုက်ရာ၊ CDF-Hualngoram ထိန်းချုပ်နယ်မြေ၊ အိန္ဒိယ-မြန်မာ နယ်စပ်ကုန်သွယ်ရေးစခန်း ရိခေါဒါရ်မြို့ကို သိမ်းယူခဲ့ခြင်းဖြစ်သည်။

“CNO/CNDF ဘက်က ပစ္စည်းတွေ၊ ဆိုင်ကယ်တွေ၊ အိမ်တွေဖောက်ထွင်းပြီးတော့ ယူသွားတာတွေအများကြီးပဲ။ ကောင်းတဲ့ ဘက်ထရီအိုးတွေ၊ အင်ဗာတာတွေ ၊မီးစက်တွေ ရှိသမျှအကုန်လုံးခိုးသွားကြတာ။ ကျနော်တို့ မှတ်တမ်းယူနေတုန်းပဲရှိသေးတယ်။”ဟု HPO/CDF-Hualngoram တာဝန်ရှိသူက ဆက်လက်ပြောသည်။

CNA တပ်မဟာ ၄ အခြေစိုက်ရာကို ကျူးကျော်တိုက်ခိုက်မှုကြောင့် CDF-Hualngoram နှင့် CNO/CNDF တပ်ဖွဲ့များအကြား စစ်ရေးအခြေအနေ တင်းမာခဲ့ပြီး မြေပြင်ထိတွေ့မှုများ ဆက်လက်ဖြစ်ပွားခဲ့သည်။

တစ်ဖက်တွင် မီဇိုရမ်ပြည်နယ် ဝန်ကြီးချုပ် ဦးဆောင်သည့် Advocacy group for Peace ၏ ကြားဝင်စေ့စပ်မှုဖြင့် CNO/CNDFနှင့် CNA ၊ CDF-Hualngoram တို့အကြား ညှိနှိုင်းဆွေးနွေးမှုများလည်း ဆောင်ရွက်နေသည်ဟု သိရသည်။

ရိခေါဒါရ်မြို့တိုက်ပွဲကြောင့် ဒေသခံပြည်သူ ၃,၀၀၀ ကျော်သည် မီဇိုရမ်ပြည်နယ် ဇိုခေါထာရ်ဘက်သို့ ထွက်ပြေးတိမ်းရှောင်ခဲ့ရပြီး မကြာခင်အတွင်း ရိခေါဒါရ်မြို့ဘက်သို့ ပြန်လည်ဝင်ရောက်နိုင်ရေး ဆောင်ရွက်နေကြောင်း HPO/CDF-Hualngoram တာဝန်ရှိသူက ထပ်မံပြောကြားသည်။

သတင်း-Joshua
ဓာတ်ပုံ- HPO/CDF-Hualngoram

About The Author

Leave a Reply

Your email address will not be published. Required fields are marked *

You may have missed