အသက် ၁၈ နှစ်နဲ့အထက်လူငယ်များအားလုံးစစ်သင်တန်းတက်ကြဖို့ CDF-Kanpetlet ထုတ်ပြန်
Chinland Channel / ၈ ဇူလိုင် ၂၀၂၅
ချင်းပြည်နယ် တောင်ပိုင်း၊ ကန်ပက်လက်မြို့နယ်နဲ့ ကျင်ဒွေးမြို့မှာနေထိုင်ပြီး အသက် ၁၈ နှစ်ပြည့်ပြီးသူတိုင်း အခြေခံစစ်သင်တန်းတက်ကြရန် Chin Defense Force – Kanpetlet က ဒီကနေ့ ဇူလိုင်လ ၈ ရက်နေ့မှာ ထုတ်ပြန်ထားပါတယ်။
CDF-Kanpelet က ကျင်းပတဲ့ ၄ လကျော်ကြမြင့်တဲ့ အခြေခံစစ်သင်တန်းဆင်းပွဲ နဲ့ပတ်သက်ပြီးထုတ်ပြန်ရာမှာ ယခုလိုထည့်သွင်းဖော်ပြထားခြင်းဖြစ်ပါတယ်။
CDF-Kanpetlet တပ်ဖွဲ့ဟာ မြန်မာ့နွေဦးတော်လှန်ရေးကာလအတွင်း ပြည်သူလူထုရဲ့ အားပေးထောက်ခံမှု၊ ယုံကြည်မှုများနဲ့အတူ မွေးဖွားလာတဲ့ ချင်းတော်လှန်ရေးတပ်ဖွဲ့တစ်ခုဖြစ်ပြီး ချင်းပြည်တောင်ပိုင်း၊ ကန်ပက်လက် မြို့နယ်နဲ့ကျင်ဒွေးမြို့အား အပြည့်အဝ ကိုယ်စားပြုတဲ့တော်လှန်ရေးတပ်ဖွဲ့ တစ်ခုဖြစ်တယ်လို့ဆိုပါတယ်။
CDF-Kanpetlet ဟာ ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ(၁) ရက်နေ့တွင် အကြမ်းဖက်စစ်ကောင်စီကအာဏာသိမ်းပိုက် ချိန်ကစပြီး တိုက်ပွဲပေါင်းများစွာကို ဆင်နွှဲလာခဲ့ပြီး ကျင်ဒွေးမြို့နဲ့ ကန်ပက်လက်မြို့နယ်ကိုလည်း အပြည့်အဝ ပြန်လည်သိမ်းပိုက် ထိန်းချုပ်နိုင်ခဲ့ပြီးသလိုချင်းပြည်အတွင်းရှိအခြားသောမြို့သိမ်းတိုက်ပွဲများတွင်လည်း ချင်းညီနောင်စစ်ဆင်ရေး (Operation CB) များတွင် အစွမ်းကုန်ဆက်လက် ပူးပေါင်းတိုက်ပွဲဝင်လျက်ရှိတယ်လို့ ဆိုပါတယ်။
CDF-Kanpetlet အနေဖြင့် ကျင်ဒွေးမြို့နဲ့ ကန်ပက်လက်မြို့နယ် အတွင်းရှိ မိဘပြည်သူများရဲ့ အသက်၊အိုးအိမ်၊စည်းစိမ်များကို အပြည့်အဝ ကာကွယ်စောင့်ရှောက်ရန် တာဝန်ရှိရုံသာမက ချင်းပြည်အတွင်းရှိ ပြည်သူတစ်ရပ်လုံးကို နွေးထွေးလုံခြုံစွာ အပြည့်အဝ အကာကွယ်ပေးသည့် ပြည်သူ့အချစ်တော် တပ် နဲ့ စစ်သည်တော်ကောင်းများဖြစ်လာစေရန်၊ စစ်စည်းကမ်းပြည့်ဝတဲ့ ပြည်သူ့စစ်သားကောင်းများ ပေါ်ပေါက်လာ စေရန်နဲ့ အိမ်နီးချင်း မိတ်ဖက်မဟာမိတ်တပ်ဖွဲ့များနဲ့အတူ အဖိနှိပ်ခံပြည်သူတစ်ရပ်လုံး စစ်မှန်သောလွတ်မြောက် ခြင်းရရှိသည်အထိ ချင်းညီနောင်နဲ့အတူ တိုက်ပွဲဝင်သွားမယ်လို့ဆိုပါတယ်။
အဆိုပါရည်ရွယ်ချက်များအား အကောင်အထည် ဖော်နိုင်ရန်အတွက် (၄) လကျော်ကြာမြင့်သော Chin Defence Force – Kanpetlet အခြေခံစစ်ပညာသင်တန်းအပတ်စဉ် (၂) ကို အောင်မြင်စွာ ပြုလုပ်နိုင်ခဲ့ပြီး သင်တန်းဆင်း ရဲဘော်/ရဲမေများရဲ့ ကျမ်းသစ္စာကျိန်ဆိုခြင်းအခမ်းအနားကိုလည်းကျင်းပပြီးစီးနိုင်ခဲ့တယ်လို့ ဇူလိုင်လ ၈ ရက်နေ့ မှာ ထုတ်ပြန်ထားတာပါ။
ချင်းပြည်နယ်တောင်ပိုင်း ကျင်ဒွေးမြို့နဲ့ ကန်ပက်လက်မြို့နယ်အတွင်းရှိ အသက် (၁၈) နှစ်အထက် လူငယ်မောင်မယ်များအားလုံး အမျိုးသားရေးတာဝန်များကို ရှောင်လွှဲခြင်းမပြုရန်နဲ့ Chin Defense Force – Kanpelet တပ်ဖွဲ့နဲ့ အခြေခံစစ်ပညာသင်တန်းအပတ်စဉ် (၃) တွင် အမျိုးသားရေးတာဝန်သိစိတ်ဖြင့် တက်ကြွစွာ ပူးပေါင်းပါဝင်တက်ရောက်ပေးကြရန်ဖိတ်ခေါ်တယ်လို့ဆိုပါတယ်။
ဒါ့အပြင် CDF-Kanpetlet ရဲ့ အပတ်စဉ်(၂) အခြေခံစစ်ပညာသင်တန်း အောင်မြင်စွာပြီးမြောက်နိုင်ရေးအတွက် အဖက်ဖက်မှ ပံ့ပိုးကူညီပေးခဲ့တဲ့ မဟာမိတ်အဖွဲ့အစည်း ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်/ အာရက္ခတပ်တော်(ULA/AA) နဲ့ ပြည်တွင်းပြည်ပ သို့ ရောက်ရှိနေကြသော Chin Defence Force – Kanpetlet ရဲ့ ထောက်ပို့ပြည်သူများအားလုံးကို အထူးကျေးဇူးတင်ရှိတယ်လို့ ထုတ်ပြန်ထားပါတယ်။
သတင်း – Jessie
ပုံအညွှန်း – CDF-Kanpelet သင်တန်းဆင်းရဲဘော်များ
ဓါတ်ပုံ – CDF-Kanpetlet


