စီးယင်းဒေသ၊ မွာလ်ပီးကျေးရွာဘက်မှာ တိုက်ပွဲဆက်လက်ပြင်းထန်နေပြီး၊ စစ်ကောင်စီအထိနာကာ လက်နက်ခဲယမ်းများ သိမ်းဆည်းမိသည်ရှိ
Chinland Channel / ၂၈ ဇွန် ၂၀၂၅
ချင်းပြည်နဲ့ ကလေးမြို့ကို ဆက်သွယ်ထားတဲ့ လမ်းကြီးဘေးမှာတည်ရှိတဲ့ စီးယင်းဒေသအတွင်းက မွာလ်ပီးကျေးရွာဘက်မှာ ချင်းကာကွယ်ရေးတပ်ပေါင်းစုနဲ့ စစ်ကောင်စီတို့အကြား တိုက်ပွဲတောက်လျှောက်ပြင်းထန်နေပြီး စစ်ကောင်စီဘက်မှာ ထိခိုက်ကျဆုံးမှုများကာ လက်နက်ခဲယမ်းပမာဏအမြောက်အများ တော်လှန်ရေးတပ်ဖွဲ့တွေဘက်ကနေ သိမ်းပိုက်နိုင်တာတွေ ရှိတယ်လို့ သတင်းရရှိပါတယ်။
“ တိုက်ပွဲအခြေအနေတွေကတော့ ဒီစစ်ဆင်ရေးမှာ ပူးပေါင်းတိုက်ပွဲဝင်နေကြတဲ့ တပ်ဖွဲ့တွေအကြား သဘောတူညီချက်အရ အသေးစိတ်ပိုင်းကို တိိတိကျကျ ပြောပြလို့ မရသေးပါဘူး။ အချိန်တန်တဲ့အခါ တရားဝင်ထုတ်ပြန်ချက်တွေကနေ ပြည်သူတွေ သိရှိခွင့်ရမှာပါ။ လတ်တလော ရက်ပိုင်းမှာတော့ ကိုယ့်ဘက်က အခြေအနေ အားသာချက် တော်တော်လေး များလာပြီလို့ ပြောလို့ရပါတယ်။ သူတို့ကို ကိုယ့်ဘက်ကနေ ပြန်လည်ထိုးစစ်ဆင်တဲ့ အခြေအနေကို ဖြစ်နေပြီး ဒီရက်ပိုင်းတိုက်ပွဲတွေမှာကို စကစတွေ ပြန်ပြီးဆုတ်ပြီးရင်း ဆုတ်နေရတဲ့ အနေအထားပါ။ ကိုယ့်ဘက်ကလည်း ထိခိုက်ကျဆုံးမှုတော့ အနည်းအပါး ရှိပါတယ်။ လက်ရှိမှာတော့ မွာလ်ပီးကျေးရွာမှာ နှစ်ဖက်ဆိုင်ပြီး ရင်ဆိုင်နေရတာပေါ့။ တိုက်ပွဲကတော့ ပြန်ဖြစ်တာ ၄ ရက်ရှိပြီ။ ကိုယ့်ဘက်ကနေ ထိုးတဲ့ထိုးစစ်ပေါ့။ လက်နက်ခဲယမ်းတွေလည်း သိမ်းဆည်းရမိတာ ရှိပါတယ်။ “ – လို့ တိကျသေချာတဲ့ သတင်းရင်းမြစ်က Chinland Channel ကို ပြောပါတယ်။
သိမ်းဆည်းရမိတဲ့ လက်နက်ခဲယမ်းပိုင်းနဲ့ အတိအကျ ပြောတာမရှိသေးပေမယ့် Chinland Channel ကနေ ရရှိထားတဲ့ ဓါတ်ပုံအရင်းအမြစ်တွေအရ လက်နက် ၁၀-၁၅ လက်ထက်မနည်း ရှိသလို MA 3 , Sniper စတာတွေ ပါဝင်တာကို တွေ့ရှိရပါတယ်။
လွန်ခဲ့သော မေလ ၁၈ ရက်ကနေစပြီး ကလေးမြို့ကနေတဆင့် ချင်းပြည်ကို ထိုးစစ်ဆင်လာတဲ့ စစ်ကောင်စီစစ်ကြောင်းမှာ အင်အား ၄၀၀-၅၀၀ ဝန်းကျင်အထိ ပါဝင်တာဖြစ်တယ်လို့ သိရှိထားရပါတယ်။ မေလ ၂၁ ရက်ကနေ ထိတွေ့တိုက်ပွဲတွေ စတင်ခဲ့ကာ ယခုအချိန်ထိ CC တပ်ပေါင်းစုနဲ့ CB တပ်ဖွဲ့တွေအပါအဝင် အခြားသော မဟာမိတ်တပ်များ ပူးပေါင်းပြီး ခုခံကာကွယ်နေခဲ့ရာက ပြန်လည်ထိုးစစ်ဆင်နိုင်တဲ့ အခြေအနေကို ရောက်ရှိလာတာ ဖြစ်ပါတယ်။
မိမိတို့ Chinland Channel အနေနဲ့လည်း ရှေ့တန်းစစ်မျက်နှာပြင်မှာ အနီးကပ်သတင်းယူလျက်ရှိပြီး တင်ပြလို့ရနိုင်တဲ့ သတင်းများကို အချိန်နဲ့ တပြေးညီ ဆက်လက်တင်ပြသွားမှာ ဖြစ်ပါတယ်။
ပုံအညွန်း – သိမ်းဆည်းမိသော လက်နက်အချိူ့နှင့်CDF CDM – Siyin တပ်ဖွဲ့ဝင်များ

