October 6, 2025

ရေဘေးသင့်နေသည့် ပလက်ဝစစ်ဘေးရှောင်များအား စားနပ်ရိက္ခာထောက်ပံ့၊ အကူအညီလိုအပ်လျက်ရှိ

0

Chinland Channel/ ၁၁ ဇွန်လ ၂၀၂၅

မီဇိုရမ်ပြည်နယ်၊ လောင်တလိုင်ခရိုင်မှာ မိုးအဆက်မပြတ်ရွာသွန်းပြီး ကုလားတန်မြစ်ရေကြီးမှုကြောင့် ရေဘေးသင့်နေသော ပလက်ဝစစ်ဘေးရှောင်များအား စားနပ်ရိက္ခာများ ထောက်ပံ့ပေးခဲ့ကြောင်း ပလက်၀စစ်ဘေးရှောင်နှင့်လူသားစာနာကူညီရေးအဖွဲ့က သတင်းထုတ်ပြန်သည်။

လောင်တလိုင်ခရိုင်ရှိ တွီဒင်း၊ ကာကီ၊ လောင်မဆူ စစ်ဘေးရှောင်စခန်းတွင် နေထိုင်လျက်ရှိသော လူဦးရေ ၇၂၉ဦးအတွက် ကနဦးရရှိထားသည့် အလှူများနှင့်အတူ ပလက်ဝကောင်စီ၊ လူသားစာနာကူညီရေးဌာန မှ လှူဒါန်းထားသော ဆန်အိတ် ၁၃၀အိတ်၊ ဆီ၊ ပဲ၊အာလူး တို့ကို ဇွန်လ ၇ရက်၊၈ရက်တို့တွင် ပေးအပ်ခြင်းဖြစ်သည်ဟု သိရသည်။

မေလ ၃၁ ရက်နေ့တွင် ကုလားတန်မြစ်ရေကြီးမှုကြောင့် မီဇိုရမ်ပြည်နယ်အတွင်းရှိ အဆိုပါ စစ်ဘေးရှောင်စခန်းသုံးခု၌ အိမ်ခြေ ၄၇၂လုံး ၊ လူဦးရေ ၂၂၈၃ဦး ရှိသည့်အနက် အိမ်ခြေ ၁၄၁လုံး၊ လူဦးရေ ၇၂၉ဦး ရေဘေးသင့်နေကြောင်း ဆိုသည်။

လက်ရှိတွင် လုံး၀ပျက်စီးနေသည့် လူနေအိမ် ၉၁လုံးရှိပြီး အိမ်သာ ၁၁၂လုံးလည်း ထိခိုက်ပျက်စီးသွားကာ နေအိမ်ပြန်လည်တည်ဆောက်နိုင်ရန် အမိုးအကာ၊ သစ်ဝါး၊ ရေပိုက်၊ ရေပုံးများနှင့် အခြေခံစားနပ်ရိက္ခာ၊ ဆေးဝါးများ အရေးပေါ် လိုအပ်လျက်ရှိသည်ဟု သိရသည်။

လူနေအိမ်တစ်လုံးပြန်လည်တည်ဆောက်နိုင်ရန် ခန့်မှန်းငွေကျပ် ၁,၂၅၀,၀၀၀ ဝန်းကျင်ကုန်ကျမည်ဖြစ်ပြီး အိမ်သာတစ်လုံးတည်ဆောက်ရန် ငွေကျပ် ၁၅၀,၀၀၀ ဝန်းကျင်ကုန်ကျနိုင်မည်ဖြစ်သဖြင့် ပြည်တွင်းပြည်ပမှ မိဘပြည်သူများအနေဖြင့် ထောက်ပံ့ကူညီပေးကြရန် ပလက်၀စစ်ဘေးရှောင်နှင့် လူသားစာနာကူညီရေးအဖွဲ့က တိုက်တွန်းတောင်းဆိုထားသည်။

သတင်း- Joshua
ပုံ- ပလက်၀စစ်ဘေးရှောင်နှင့်လူသားစာနာကူညီရေးအဖွဲ့
ပုံစာ- ဇွန်လ ၇ရက်၊၈ရက်တို့တွင် ရေဘေးသင့် ပလက်ဝ စစ်ဘေးရှောင်များအား လှူဒါန်းမှုပုံရိပ်အချို့

About The Author

Leave a Reply

Your email address will not be published. Required fields are marked *

You may have missed