October 6, 2025

တီးတိန်မြို့ ခလရ (၂၆၉) တပ်ရင်းဝန်းအတွင်း၌ စစ်ကောင်စီတပ်သား ၂ဦး မြေမြုပ်မိုင်းနင်းမိ၊ ပြင်းထန်ဒဏ်ရာရဟုဆို

0

Chinland Channel/ ၉ ဇွန်လ ၂၀၂၅

ချင်းပြည်၊ တီးတိန်မြို့ရှိ စစ်ကောင်စီတပ်၏ ခလရ (၂၆၉) တပ်ရင်းဝန်းအတွင်း၌ စစ်ကောင်စီတပ်သား နှစ်ဦး မြေမြုပ်မိုင်းနင်းမိပြီး ပြင်းထန်သောဒဏ်ရာအသီးသီးရရှိသွားကြောင်း စစ်တပ်နှင့်ရင်းနှီးသည့်အသိုင်းအဝိုင်းထံမှ သိရသည်။

ယမန်နေ့ ဇွန်လ ၈ ရက် မွန်းလွဲ ၁နာရီအချိန်ခန့်တွင် တီးတိန်မြို့၊ စကော့လမ်းရပ်ကွက်ရှိ ခလရ (၂၆၉) တပ်ရင်းအောက်က ဒေသအခေါ် မုဆိုးမအိမ်တန်းမှ နေ့လယ်စာစားပြီး တပ်ကုန်းသို့ပြန်လာစဥ် ၎င်းတို့ထောင်ထားသော မြေမြုပ်မိုင်းနင်းမိသွားခြင်းဖြစ်သည်ဟု စစ်တပ်နှင့်ရင်းနှီးသည့် သတင်းရင်းမြစ်က Chinland Channel ကိုပြောသည်။

“စစ်သားနှစ်ဦးက သေဆုံးပြီးသားစစ်သားတွေရဲ့ ဇနီးတွေနေတဲ့အိမ်တန်း(မုဆိုးမ အိမ်တန်း)ကနေ ၎င်းတို့တပ်ရင်းထဲသို့ ပြန်လာကြတာ၊ တပ်ကုန်းထဲက ရေတိုင်ကီအနားမှာ မိုင်းနင်းမိကြတာဖြစ်တယ်။ နှစ်ယောက်လုံးက ဒဏ်ရာတော်တော်ပြင်းထန်တယ်။ လမ်းမလျှောက်နိုင်ကြတော့ပဲ စစ်သားတွေက ဝိုင်းထမ်းကြတာ၊ တပ်တွင်းမှာ သတင်းဖုံးထားတော့ သေသလား၊ရှင်သလား ဘာမှမကြားရတော့ဘူး” ဟု အဆိုပါသတင်းရင်းမြစ်က Chinland Channel ကိုပြောသည်။

အဆိုပါ စစ်ကောင်စီတပ်သားနှစ်ဦးသည် စစ်တပ်အာဏာသိမ်းပြီးနောက် ပြည်သူ့စစ်မှုထမ်းအဖြစ်ခေါ်ဆောင်ခြင်းခံရသူများဖြစ်ပြီး ခလရ (၂၆၉) တပ်ရင်းသို့ လူသစ်ရောက်လာသူများဖြစ်ကြောင်း သတင်းရင်းမြစ်က ဆိုသည်။

လက်ရှိ တီးတိန်မြို့တွင် စစ်ကောင်စီတပ်သားများသည် အရပ်ဝတ်စုံဖြင့် လှည့်လည်နေပြီး ဒေသခံများအနေဖြင့် သတိထားသွားလာနေထိုင်သင့်ကြောင်း တီးတိန်မြို့နေ ဒေသခံတစ်ဦးက ပြောသည်။

သတင်း- Joshua

About The Author

Leave a Reply

Your email address will not be published. Required fields are marked *

You may have missed