ငဖဲမြို့နယ်တွင် စစ်ကောင်စီတပ်နှင့် ထိတွေ့တိုက်ပွဲအတွင်း စစ်သား ၁ဦးသေဆုံးဟု ACDF ပြော
Chinland Channel/ ၆ ဇွန်လ ၂၀၂၅
မကွေးတိုင်း၊ ငဖဲမြို့နယ်တွင် စစ်ကောင်စီတပ် စစ်ကြောင်းကိုစောင့်ကြိုတိုက်ခိုက်ခဲ့ရာ တစ်ဦးသေဆုံးပြီး လက်နက်ခဲယမ်းအချို့သိမ်းဆည်းရရှိထားကြောင်း အရှိုချင်းကာကွယ်ရေးတပ် (ACDF)က ယနေ့တွင် သတင်းထုတ်ပြန်သည်။
ဇွန်လ ၂ရက်နေ့တွင် အရှိုချင်းကာကွယ်ရေးတပ် (ACDF )ဒေသ (၁) တစ်နေရာတွင် စစ်ကောင်စီတပ်နှင့် ၁၅ မိနစ်ခန့်ထိတွေ့ပစ်ခတ်မှု ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး စစ်ကောင်စီဘက်မှ တစ်ယောက်သေဆုံးကာ ဒဏ်ရာရရှိမှုများလည်းရှိခဲ့သည်ဟု ACDFတပ်ဖွဲ့ထံမှ သိရသည်။
အရှိုချင်းကာကွယ်ရေးတပ် (ACDF) ပြန်ကြားရေးတာဝန်ခံ ဆလိုင်းခနီလေဗွေက “စကစတပ် စစ်ကြောင်းထိုးလာတာကို ကျတော်တို့ သတင်းရလို့ စောင့်တိုက်တဲ့သဘောပါ။သူတို့ဘက်က အထိနာလို့ပြန်ဆုတ်သွားတာပါ။ ရှင်းလင်းရေးဝင်တော့ အလောင်း ၁လောင်းတွေ့တယ်။ လုံခြုံရေးကြောင့်စစ်တပ်အင်းနဲ့ ကျတော် တို့ဘက်က အင်အား ထုတ်မပြောတာပါ။” ဟု Chinland Channel ကိုပြောသည်။
အဆိုပါထိတွေ့မှုအပြီး ထိတွေ့ပစ်ခတ်မှုနေရာအား ရှင်းလင်းရေးဝင်ရောက်ခဲ့ရာ MA1 တစ်လက်၊ ကျည်ဘောက်ငါးခုနှင့် ခဲယမ်းအချို့သိမ်းဆည်းရမိကြောင်း သိရသည်။
မိဘပြည်သူများအနေဖြင့် မြို့ပြအနီးတစ်ဝိုက်တွင် တိုက်ပွဲများဖြစ်ပွားနိုင်၍ သေနတ်သံများကြားပါက အန္တရာယ်ကင်းရှင်းရာသို့ ချက်ချင်းရွေ့ပြောင်းရန်၊ စစ်ရေးသတိနှင့် လေကြောင်းသတိထားရန် အရှိုချင်းကာကွယ်ရေးတပ် (ACDF) ပြန်ကြားရေးတာဝန်ခံ ဆလိုင်းခနီလေဗွေက သတိပေးတိုက်တွန်းထားသည်။
သတင်း- Johua
ဓာတ်ပုံ- အရှိုချင်းကာကွယ်ရေးတပ် (ACDF)
ပုံစာ- ဇွန်လ ၂ရက်နေ့တွင် အရှိုချင်းကာကွယ်ရေးတပ် (ACDF) နှင့် စစ်ကောင်စီတပ်တို့ တိုက်ပွဲအတွင်း သိမ်းဆည်းရရှိထားသော လက်နက်ခဲယမ်းများအားတွေ့ရစဥ်။

