မီဇိုရမ်တွင်ရေကြီးမှုကြောင့် ပလက်ဝစစ်ဘေးရှောင်နေအိမ် ၁၃၀လုံးကျော် ရေနစ်မြုပ်၊ အရေးပေါ်အကူအညီများ လိုအပ်နေ
Chinland Channel/ ၁ ဇွန် ၂၀၂၅
အိန္ဒိယနိုင်ငံ ၊ မီဇိုရမ်ပြည်နယ်၊ လောင်တလိုင်ခရိုင်၊ တွီဒင်းရွာနှင့် ကာကီရွာတို့တွင် မိုးပြင်းထန်ရွာသွန်းမှုများကြောင့် ရေကြီးမှုဖြစ်ကာ ပလက်ဝမြို့နယ်မှစစ်ဘေးရှောင်များ၏ နေအိမ်၁၃၆လုံး ရေနစ်မြုပ်၊မျှောပါသွားသဖြင့် အရေးပေါ်အကူအညီများလိုအပ်လျက်ရှိကြောင်း သိရသည်။
တွီဒင်းကျေးရွာ နှင့် ကာကီကျေးရွာ မြစ်ကမ်းဘေးနားတွင် တည်ထားသည့် စစ်ဘေးရှောင်များ၏ နေအိမ်များသည် မိုးအဆက်မပြတ်ရွာသွန်းမှုကြောင့် ယမန်နေ့ မေလ ၃၁ရက်နေ့ ၁နာရီခန့်အချိန်တွင် မြစ်ရေကြီးမှုဖြစ်ပေါ်နေခြင်းဖြစ်ကြောင်း Paletwa IDPs and Humanitarian supporting အဖွဲ့ထံမှ သိရသည်။
လက်ရှိအချိန်ထိ တွီဒင်း စစ်ရှောင်စခန်းတွင် လူနေအိမ်၅၆လုံးခန့်၊ ကာကီ စစ်ရှောင်စခန်းတွင်နေအိမ် ၈၀ခန့်ရေနစ်မြုပ်သွားခြင်းဖြစ်ပြီး မြစ်ရေအဆက်မပြတ်တက်လာသောကြောင့် မြစ်ကမ်းနားနေ စစ်ဘေးရှောင်ပြည်သူများ ၎င်းတို့နှင့်နီးစပ်နေအိမ်နှင့် ကျေးရွာခန်းမတွင်အရေးပေါ်ပြောင်းရွှေ့နေကြသည်ဟု ဆိုသည်။
လူနေအိမ်များရေနစ်မြုပ်နေသည့်အပြင် ရေထဲမျှောပါသွားသဖြင့် တာလပတ် ၊အစားအသောက်များ အရေးပေါ်အကူညီများလိုအပ်နေပြီး ပြန်လည်တည်ဆောက်နိုင်ရေးအတွက် ငွေကြေးအကူအညီများလည်းလိုအပ်နေကြောင်း သိရသည်။
မြစ်ရေကြီးမှုကြောင့် လူနေအိမ်များပြန်လည်တည်ဆောက်နိုင်ရေးအတွက် မိဘပြည်သူများအနေဖြင့် ဝိုင်းဝန်းကူညီပေးကြရန် Paletwa IDPs and Humanitarian supporting အဖွဲ့က တိုက်တွန်းတောင်းဆိုထားသည်။
ထို့အပြင် မီဇိုရမ်ပြည်နယ်၊ ကျန်ဖိုင်ခရိုင်၊ ဗာဖိုင်းကျေးရွာတွင် မိုးအဆက်မပြတ်ရွာသွန်းမှုကြောင့် ချင်းစစ်ဘေးရှောင်များ ငှားရမ်းနေထိုင်သည့် လူနေအိမ်တစ်လုံးပြိုကျပျက်စီးသဖြင့် ကိုယ်ဝန်ဆောင်အမျိုးသမီးတစ်ဦးအပါအဝင် ချင်းစစ်ဘေးရှောင်မိသားစုဝင်သုံးဦးသေဆုံးသွားကြောင်း Mizoram News တွင်ဖော်ပြထားသည်။
သတင်း- Joshua
ဓာတ်ပုံ-Paletwa IDPs and Humanitarian supporting
ပုံအညွှန်း -ရေကြီးရေလျှံမှုကြောင့် တွီဒင်းရွာနှင့် ကာကီရွာရှိ စစ်ဘေးရှောင်လူနေအိမ်များ ပျက်စီးသွားသည့်မြင်ကွင်း

