ချင်းအမျိုးသားအဖွဲ့ချုပ် ( CNO/CNDF ) ပညာရေးဘုတ်အဖွဲ့ဝင်ထံကနေ ဘိန်းဖြူဗူးပေါင်း ၄၂၇ ဗူးဖမ်းမိ
Chinland Channel / ၂၂ မေ ၂၀၂၅
ချင်းပြည်နယ်၊ ဟွာလ်ငိုးရမ်းဒေသ တီအိုခေါမွေးမှာ မူးယစ်ဆေးဝါးစုံစမ်းစစ်ဆေးရေးတစ်ရပ်ပြုလုပ်ခဲ့ရာ ချင်းအမျိုးသားအဖွဲ့ချုပ် ( CNO/CNDF ) ရဲ့ပညာရေးဘုတ်အဖွဲ့ဝင် တီအိုခေါမွေးမှာ TPCE ကိုင်ပိုင်ကျောင်း ဖွင့်ထားတဲ့ ဦးငွန်ရွှေထန်း ( Pu Ngun Sui Thang ) အသက် ၃၇ နှစ်ထံကနေ ဘိန်းဖြူ အများအပြားဖမ်းဆီး ခဲ့ တယ်လို့ The Rihlipui Post က ဖော်ပြထားပါတယ်။
အဆိုပါ မူးယစ်ဆေးဝါးများဟာ ဆပ်ပြာဗူး ၄၂၇ ဗူးဖြင့်ထုပ်ပိုးထားပြီး ကျောင်းရဲ့စာသင်ခန်းထဲမှာဖမ်းဆီးခဲ့တာ လို့ဆိုပါတယ်။
မူးယစ်ဆေးဝါးများသွားရောက်ဖမ်းဆီးချိန်မှာ ပိုင်ရှင်ဖြစ်သူ Pu Ngun Sui Thang က ထွက်ပြေးသွားလို့ အဆိုပါ မူးယစ်ဆေးနဲ့ပတ်သက်ဆက်နွယ်သူ Pi Tuan Kim Thiam အသက် ၃၅ နှစ်ကိုချက်ချင်းဖမ်းဆီးခဲ့တယ်လို့ဆိုပါ တယ်။
လက်ရှိမှာ Pu Ngun Sui Thang က ထွက်ပြေးလွတ်မြောက်နေတာကြောင့် ဟွာလ်ငိုးရမ်းရဲတပ်ဖွဲ့က လိုက်လံ ဖမ်းဆီးလျက်ရှိရာ အမိအရဖမ်းဆီးနိုင်ဖို့အတွက် မီဇိုရမ်ဘက်က တာဝန်ရှိသူများနဲ့လည်းအချိတ်အဆက်အကုန် လုပ်ထားတယ်လို့သိရပါတယ်။
အလားတူ HPO/CDF – Hualngoram ဟာ မူးယစ်ဆေးဝါးတိုက်ဖျက်ရေးလုပ်ငန်းကိုအစဉ်တစိုက်လုပ်ဆောင် လျက်ရှိရာ ပြီးခဲ့တဲ့ မေလ ၉ ရက်နေ့မှာလည်း စက္ကန့်ကျေးရွာသား Pu Vanlalrivung အသက် ၃၇ နှစ်ထံကနေ ဘိန်းဖြူ ၁ ထုပ်၊ မေလ ၁၇ ရက်နေ့မှာ Pi Lalthangpuii အသက် အသက် ၄၂ နှစ်ထံကနေ စိတ်ကြွဆေးပြား အလုံးရေ ၆၀၀ အပြင် မေလ ၁၈ ရက်နေ့မှာ Tv.Val Than Tluang အသက် ၁၉ နှစ် ထံကနေ စိတ်ကြွဆေးပြားအလုံးရေ ၃၇၀၀ ကိုဖမ်းဆီးခဲ့တယ်လို့သိရပါတယ်။
သတင်း – Jessie
ပုံအညွှန်း – HPO/CDF Hualngoram က ဖမ်းဆီးထားတဲ့မူးယစ်ဆေးဝါးများနဲ့တရားခံများ
ဓါတ်ပုံ – The Rihlipui Post




