October 6, 2025

ကလေးတောင်ပိုင်း၊ မကွေးနှင့်စစ်ကိုင်းအစပ်တွင် စစ်ရေးပြင်းထန်နေ

0

Chinland Channel / ၂၅ ဧပြီ ၂၀၂၅

ကလေးတောင်ပိုင်းဒေသမှာရှိတဲ့ ပျူစောထီးအားကောင်း ကြံသာရွာကို တော်လှန်ရေးတပ်ဖွဲ့တွေက ဒီလ ၁၁ ရက်နေ့တုန်းက တိုက်ခိုက်သိမ်းပိုက်ခဲ့ပြီးတဲ့နောက် စစ်ကောင်စီ၊ ပြည်သူ့စစ် ပျူစောထီးတွေဟာ မကွေးတိုင်းဘက်မှာရှိတဲ့ ဟံသာဝတီရွာဘက်ကို ဆုတ်ခွာခဲ့ကြရာ အဲ့ဒီနောက်ပိုင်း စစ်ရေးအနည်းငယ် ငြိမ်သက်ခဲ့ပေမယ့် ယမန်နေ့ ဧပြီ ၂၄ ရက်နေ့ကစပြီး စစ်ရေးပြန်လည်ပြင်းထန် နေတယ်လို့ သိရပါတယ်။

စစ်ကောင်စီကနေ ဟံသာဝတီရွာဘက်ကနေတဆင့် စစ်ကြောင်း ၂ ကြောင်းပါဝင်တဲ့ အင်အား ၁၅၀-၂၀၀ ဝန်းကျင်နဲ့ ပြန်လည်ထိုးစစ်ဆင်မှုတွေ ပြုလုပ်နေတာဖြစ်တယ်လို့ တိကျသေချာတဲ့ ရှေ့တန်းသတင်းရင်းမြစ်က Chinland Channel ကို ပြောပါတယ်။

“ မနေ့ကစပြီး ပြန်လည်စစ်ကြောင်းထိုးလာတာပေါ့။ အဲ့ဒီရှေ့ရက်တွေတုန်းကလည်း ဟံသာဝတီကို နမခ ကနေ ရဟတ်ယာဉ်တွေ ဆင်းထားသေးတယ် – ၂ ခေါက်မကဘူး။ အခု ကြံသာဘက်ကို ပြန်ထိုးလာတဲ့ စစ်ကြောင်းက အင်အား ၁၅၀-၂၀၀ လောက်နဲ့ နှစ်ကြောင်းပါ,ပါတယ်။ ဒီနေ့ထိတော့ တိုက်ပွဲပြင်းထန်နေပါတယ်။ ကိုယ့်ဘက်ကလည်း ဒဏ်ရာရ ရှိတယ်။ စစ်ကောင်စီဘက်လည်း အကျအဆုံး၊ အထိအခိုက်များတယ်။ လွယ်လွယ်နဲ့ ပြန်ဆုတ်မယ့် သဘောတော့ မရှိဘူး။ ဒီနေ့လည်း မှန်တောဘက်ကို ဂျက်ဖိုက်တာနဲ့ လာကြဲသလို ဟံသာဝတီဘက်ကနေလည်း လက်နက်ကြီးနဲ့ တော်တော်လေးပစ်တယ်။ “ လို့ ရှေ့တန်းသတင်းရင်းမြစ်က Chinland Channel ကို ပြောကြားပါတယ်။

လက်ရှိ ပြင်းထန်နေတဲ့ စစ်ရေးနဲ့ ပါတ်သက်လို့ ကြားသိရတဲ့ သတင်းတွေအပေါ် CDF-KKG တာဝန်ရှိသူကို ဆက်သွယ်ခဲ့ရာမှာ တိုက်ပွဲဖြစ်ပွားမှုကိုတော့ အတည်ပြုပေးထားပြီး မြေပြင်အခြေအနေ၊ အထိအခိုက်အကျအဆုံး စတာတွေကိုတော့ လတ်တလော မှတ်ချက်ပေးဖို့မရှိသေးကြောင်း ပြန်လည်ဖြေကြားထားပါတယ်။

CDF KKG Major Operation ခေါင်းစဉ်အမည်နဲ့ ကလေးတောင်ပိုင်းစစ်ဆင်ရေးကို မဟာမိတ်တပ်များနဲ့အတူ ဖေဖော်ဝါရီ ၁၂ ရက်နေ့မှာ စတင်ခဲ့ပြီး ၂ လကျော် ကြာမြင့်ခဲ့တဲ့ ဒီစစ်ဆင်ရေးအတွင်း ကမ်းပါးနီ၊ မှန်တော၊ အောင်သာယာ (အရှေ့၊ အနောက်)၊ ကြံသာ စခန်းများကို အပြီးသတ် သိမ်းပိုက်နိုင်ခဲ့တာ ဖြစ်ပါတယ်။

About The Author

Leave a Reply

Your email address will not be published. Required fields are marked *

You may have missed