October 6, 2025

၄ နှစ်အတွင်း CDF-Hakha ရဲဘော် ၅၀ ကျော်ကျဆုံးပြီး ၁၈၀ ကျော်ဒဏ်ရာရခဲ့

0

Chinland Channel/ ၂၁ မတ် ၂၀၂၅

ချင်းပြည်နယ်၊ ဟားခါးမြို့နယ်အခြေစိုက် Chinland Defense Force – Hakha အနေဖြင့် တော်လှန်ရေးလုပ် လာခဲ့တဲ့ ၄ နှစ်တာကာလအတွင်း ရဲဘော် ၅၂ ဦးကျဆုံးခဲ့သလို ၁၈၃ ဦးဒဏ်ရာရခဲ့တယ်လို့သိရပါတယ်။

၂၀၂၅ ခုနှစ်၊ မတ်လ ၂၁ ရက်နေ့မှာကျရောက်တဲ့ CDF-Hakha ဖွဲ့စည်းခြင်း ၄ နှစ်ပြည့်အထိမ်းအမှတ်အဖြစ် ထုတ်ပြန်ချက်မှာယခုလိုဖော်ပြထားခြင်းဖြစ်ပါတယ်။

CDF-Hakha ကို အကြမ်းဖက်စစ်ကောင်စီက မတရာအာဏာသိမ်းပြီးနောက် ၂၀၂၁ ခုနှစ် မတ်လ ၂၁ ရက်နေ့ မှာ ဖွဲ့စည်းခဲ့ပြီး အာဏာရှင်စနစ်အမြစ်ပြတ်ချေမှုန်းရေး၊ ဖက်ဒရယ်ပြည်ထောင်စုတည်ဆောက်ရေးနဲ့ ကိုပိုင်ပြဌာန်း ခွင့်ရရှိရေးအတွက် နွေဦးတော်လှန်ရေးမှာစွမ်းစွမ်းတမံပါဝင်လာခဲ့တယ်လို့ဆိုပါတယ်။

၄ နှစ်တာကာလမှာ CDF-Hakha အနေဖြင့် တိုက်ပွဲပေါင်း၃၂၆ ကြိမ်ဆင်နွှဲခဲ့တယ်လို့ဆိုပါတယ်။ အကြမ်းဖက် စစ်ကောင်စီက ဟားခါးမြို့နယ်အတွင်း ၁၉ ကြိမ်အထိစစ်ကြောင်းထိုးခဲ့ရာ ၁၇ ကြိမ်တိုက်ခိုက်ခဲ့ကြောင်း နဲ့ ဟားခါးမြို့တွင်း စစ်ဆင်ရေး ၁၅၀ ကြိမ်အထိဆင်နွှဲခဲ့ကြောင်းဖော်ပြထားပါတယ်။

ဒါ့အပြင် အခြားသောမြို့နယ်အတွင်း စစ်ကောင်စီစစ်ကြောင်းတိုက်ခိုက်မှုမှာ ၈ ကြိမ်ပါဝင်တိုက်ခိုက်ကြောင်း၊ စခန်းနဲ့ မြို့သိမ်းတိုက်ပွဲမှာ ၁၂ ကြိမ်ပါဝင်ကြောင်း ဖော်ပြထားပါတယ်။

၄ နှစ်တာကာလမှာ အကြမ်းဖက်စစ်တပ်ရဲ့ လက်ချက်ဖြင့် ဟားခါးမြို့နယ်အတွင်းက ပြည်သူ ၂၃ ဦး သေဆုံး ခဲ့ရပြီး နေအိမ် ၂၆၀ လုံးမီးလောင်ပျက်ဆီးခဲ့ကာ မတရားဖမ်းဆီးနှိပ်စက်ခံရတဲ့ ပြည်သူ ထောင်ကျော်ရှိတယ် လို့ဆိုပါတယ်။

CDF-Hakha ဟာ တိုင်းပြည်နဲ့လူမျိုးအတွက် တော်လှန်ရေးပြီးဆုံးတဲ့အထိ ပြည်သူလူထု၊ အခြားသော တော်လှန်ရေးတပ်ဖွဲ့များနဲ့ ပူးပေါင်းကာ ဆက်လက်တိုက်ပွဲဝင်သွားမှာဖြစ်တာကြောင့် ပြည်သူများလည်း ဆက်လက်ပူးပေါင်းကြဖို့ အသိပေးထားပါတယ်။

သတင်း – Jessie
ပုံအညွှန်း – CDF-Hakha တပ်ဖွဲ့ဝင်များနဲ့ CDF-Hakha ထုတ်ပြန်ချက်
ဓါတ်ပုံ – CDF-Hakha

About The Author

Leave a Reply

Your email address will not be published. Required fields are marked *

You may have missed