October 6, 2025

ကလေးမြို့တွင် စစ်ကောင်စီတပ်က လူငယ်များအား ဆက်တိုက်ဖမ်းဆီးနေ

0

Chinland Channel/ ၂၈ဖေဖော်ဝါရီ ၂၀၂၅

စစ်ကိုင်းတိုင်း၊ ကလေးမြို့တွင် စစ်ကောင်စီတပ်က လူငယ်များအား ဆက်တိုက်ဖမ်းဆီးနေကြောင်း ဒေသခံများနှင့် တော်လှန်ရေးတပ်ဖွဲ့များထံမှ သိရသည်။

ယမန်နေ့ (ဖေဖော်ဝါရီလ ၂၇ရက်) ညနေပိုင်းတွင် ကလေးမြို့၊ကလေးဝလမ်း၊ စိမ်းလန်းဈေးရှေ့ တွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များမှ လူငယ်အမျိုးသား ခုနစ်ဦးဖမ်းဆီးပြီး ပင်လုံလမ်းတွင်လည်း Probox ကားဖြူဖြင့် ရဲတပ်သားအချို့က ဆိုင်ကယ်ကိုလိုက်တိုက်ပြီး လူငယ်တစ်ဦးထပ်မံဖမ်းဆီးကာ ပေါ်တာဆွဲခဲ့ကြောင်း မြို့နေဒေသခံ တစ်ဦးက Chinland Channel သို့ပြောသည်။

ဒေသခံ တစ်ဦးက “မနေ့က စုစုပေါင်းရှစ်ယောက် ပေါ်တာဆွဲခံရပါတယ်။ ဒါတောင် စိမ်းလန်းဈေးနဲ့ ပင်လုံမီးပွိုင့်မှာဘဲရှိပါသေးတယ်။ အခြားနေရာတွေ ဘယ်လောက် ဖမ်းဆီးခံခဲ့ရတယ် မသိပါ။ ညနေဘက် မြို့ထွက်ဘက်တွေ အသွားအလာမလုပ်ပါနဲ့။ ရဲတပ်ဖွဲ့တွေရဲ့ ပရိုဘောက်ကားဖြူ သတိထားပါ။ ဒီလအတွင်းမှာ ဖမ်းဆီးခံရသူများတယ်၊ အတိအကျမပြောနိုင်ဘူးအရမ်းများတယ်ဗျ” ဟု Chinland Channel ကိုဆိုသည်။

ထို့အပြင် ယမန်နေ့ ညနေပိုင်းတွင်ပင် ကလေးမြို့နယ်၊ မွန်ထာဘက်၌ လူငယ်အမျိုးသား သုံးဦးဖမ်းဆီးခံရသဖြင့် မြို့ထဲရှိ လူငယ်များအနေဖြင့် မြို့ထဲတွင် မနေကြဘဲ ဘေးလွတ်ရာသို့ ထွက်ခွါကြရန် တော်လှန်ရေးတပ်ဖွဲ့ဝင်တစ်ဦးက ဆိုသည်။

“ဘယ်သူ့ဖမ်း ခရိုင်စုပေါင်းရုံးဘဲထားတယ်။ ပြီးရင် တညကျော်တာနဲ့ ဆံပင် စစ်ကေတန်းထိုးစတယ်။ ဖမ်းခံရတာသိလို့ ဆိုင်ရာပိုင်ရာနီးစပ်သူကပ်ပြီးလိုက်ရင် တချို့လဲပြန်ရတယ်ငွေပေးရတယ်။ ညတွင်းချင်းဘဲ ရွေးလို့ရတယ်။ မနက်ဆိုလက်မခံဘူး။” ဟု တော်လှန်ရေးတပ်ဖွဲ့ဝင်တစ်ဦးက Chinland Channel သို့ ပြောသည်။

ရဲတပ်ဖွဲ့ဝင်များသည် Probox ကားဖြူဖြင့် နေရာအတည်တကျမရှိဘဲ မြို့ထဲပတ်ကာလိုက်ဖမ်းနေခြင်းဖြစ်ပြီး ရပ်ကွက်တစ်ခုပြီးတစ်ခုရွေ့ကာ လိုက်ဖမ်းနေခြင်းဖြစ်ကြောင်း ဒေသခံများနှင့် တော်လှန်ရေးတပ်ဖွဲ့ဝင်များက ပြောသည်။

ပြီးခဲ့သည့် ဖေဖော်ဝါရီ ၂၂ရက်နေ့တွင်လည်း ကလေးမြို့နယ်၊ မဟာသန္တာရုံလမ်းတွင် ကျောင်းနေအရွယ်အမျိုးသားတစ်ဦးကို စစ်ကောင်စီတပ်က ဖမ်းဆီးပြီး ငွေကျပ် သိန်း၃၀ခန့်ဖြင့် ပြန်ရွေးခဲ့ရကြောင်း ‌ဒေသခံများထံမှ သိရသည်။

သတင်း- Joshua

About The Author

Leave a Reply

Your email address will not be published. Required fields are marked *

You may have missed