ထန်တလန်မြို့နယ် Vomkua ကျေးရွာမှာ ဝံပုလွေ တိုက်ခိုက်ခံရလို့ ကျွဲ၊ နွား နဲ့ ဝက်များဆုံးရှုံး
Chinland Channel / ၃၁ ဇန်နဝါရီ ၂၀၂၅
ချင်းပြည်နယ်၊ ထန်တလန်မြို့နယ်၊ Vomkua ကျေးရွာမှာ ပြီးခဲ့တဲ့ ရက်ပိုင်းက ဝံပုလွေတွေက ဒေသခံများရဲ့ ကျွဲ၊ နွား နဲ့ ဝက်များကို တိုက်ခိုက်တာကြောင့် ၁၀ ကောင်ကျော်ဆုံးရှုံးလိုက်ရတယ်လို့ ကျေးရွာဥက္ကဋ္ဌ ထံကသိရပါ တယ်။
အဆိုပါဝံပုလွေများဟာ အုပ်စုအလိုက်ဖြစ်ကြပြီးတော့ တောမှာ လွှတ်ထားတဲ့ တိရိစ္ဆာန်များကို တိုက်ခိုက်ခြင်း ဖြစ်တယ်လို့ဆိုပါတယ်။
ဇန်နဝါရီ ဒုတိယအပတ် နဲ့ ယခု လကုန်ကြား နှစ်ပတ်တာကာလမှာ အခုလိုမျိုးတိုက်ခိုက်ခံရခြင်းဖြစ်ကာ အဆိုပါ ဝံပုလွေတွေကို ပစ်ခတ်နိုင်သူ မည်သူမဆို ကျပ်ငွေ ၂ သိန်း ဆုချီးမြှင့်မယ်လို့သိရပါတယ်။
“ ပထမတစ်ခါတော့ ဝက်နှစ်ကောင် အရင်အကိုက်ခံရတယ်။ အဲဒါပြီးနောက် တောင်ယာမှာလွှတ်ထားတဲ့ ကျွဲသားအမိ နှစ်ကောင် အကိုက်ခံရပြန်တယ်။ နောက်တော့ နွားနှစ်ကောင်ရယ် လယ်ထဲမှာလွှတ်ထားတဲ့ ဝက်ရှစ်ကောင်ရယ် အကိုက်ခံရပြန်တယ်။ ဝက်တွေက တစ်ချို့ ဆိုအရွယ်ရောက်ပြီး၊ သတ်စားလို့ရတဲ့အရွယ်လည်းရှိတယ်။” လို့ Vomkua ကျေးရွာ ဥက္ကဋ္ဌက Chinland Channel ကိုပြောပါတယ်။
အဆိုပါဝံပုလွေအုပ်စုများက မနေ့ ဇန်နဝါရီ ၃၀ ရက်နေ့မှာ တောဝက်တစ်ကောင်ကို လိုက်တိုက်ခိုက်နေစဉ် ဒေသခံ တစ်ဦးကတွေ့လို့ ပစ်ခတ်ရာ ဝံပုလွေတစ်ကောင်ရထားကြောင်းနဲ့ လောလောဆယ်ငြိမ်လာမယ်လို့ တွေးထားကြောင်းသူက ဆက်ပြောပါတယ်။
Vomkua ကျေးရွာဟာ ထန်တလန်မြို့နယ်၊ ဘွာလ်တောင်ကြောမှာ ရှိတဲ့ကျေးရွာဖြစ်ပြီး အိမ်ခြေ ၁၀၀ ဝန်းကျင် ရှိတဲ့ကျေးရွာဖြစ်ပါတယ်။
သတင်း -Jessie
ပုံအညွှန်း – ဝံပုလွေတိုက်ခိုက်ခံရလို့ သေဆုံးတဲ့ဝက်များအား တွေ့ရစဉ်
ဓါတ်ပုံ – CJ

