NUG ထိန်းချုပ်ထားသည့် ခမ်းပါတ်မြို့ကို စစ်ကောင်စီတပ်က ဆက်တိုက်ဗုံးကြဲတိုက််ခိုက်
Chinland Channel / ၂၂ ဇန်နဝါရီ ၂၀၂၅
အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ထိန်းချုပ်ထားသည့် စစ်ကိုင်းတိုင်း၊ ခမ်းပါတ်မြို့ကို ယနေ့ (ဇန်နဝါရီလ ၂၂ ရက်) နံနက်ပိုင်း ၁၀ နာရီ ၆ မိနစ်ချိန်ခန့်တွင် စစ်ကောင်စီတပ်က လေကြောင်းမှ ထပ်မံ ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။
ခမ်းပတ်မြို့ကို ဇန်နဝါရီလ ၂၀ ရက်၊ ၂၁ ရက်နေ့ ညပိုင်းအချိန်တွင် စစ်ကောင်စီတပ်က လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့သေးသည်။ ဇန်နဝါရီလ ၆ ရက်နေ့တွင် ဗုံးကြဲတိုက်ခိုက်ခဲ့စဉ်ကလည်း ကလေးငယ် တစ်ဦးအပါအဝင် နှစ်ဦးသေဆုံးသွားကြောင်း ဒေသခံများက ပြောသည်။
“ဒီနေ့ကတော့ မနက်ပိုင်းမှာ လာရောက်ဗုံးကြဲသွားတာဗျ။ လူကတော့ထိခိုက်မှုမရှိဘူးလို့ သိရတယ်။ ပထမအကြိမ်ဗုံးကြဲချပြီးနောက်ပိုင်း ဒေသခံအများစုက မြို့ပေါ်မှာ မနေတော့ဘဲ တိမ်းရှောင်နေကြပါတယ်။ တချို့ဒေသခံတွေကတော့ ဗုံးခိုကျင်းတွေသေချာတူးထားတယ်၊အဲ့ထဲမှာ ဗုံးခိုနေကြပါတယ်။ ” ဟု ခမ်းပါတ်ဒေသခံတစ်ဦးက Chinland Channel ကိုပြောသည်။
ယနေ့ မွန်းတည့် ၁၂ နာရီခန့်အချိန်ထိ စစ်ကောင်စီတပ်က ခမ်းပါတ်မြို့နှင့်အနီးတဝိုက်ကို ကင်းထောက်ပျံသန်းနေပြီး မိဘပြည်သူများ လေကြောင်းသတိရှိကြရန်လိုအပ်သည်ဟု တော်လှန်ရေးတပ်ဖွဲ့များက ပြောပါသည်။
ခမ်းပါတ်မြို့ အမှတ်(၁) နှင့် အမှတ် (၅) ရပ်ကွက်နေ ဒေသခံများသည် အနီးအနားရှိ ကျေးရွာများနှင့် အိန္ဒိယနယ်စပ်သို့ တိမ်းရှောင်နေကြကြောင်း သိရသည်။
ဇန်နဝါရီလ ၁၈ ရက်တွင်လည်း ကလေး-တမူးကားလမ်းဘေးရှိ ကလေးမြို့နယ် ကျွန်းတောရေရှင်ရွာအနီးကို စစ်ကောင်စီတပ်က လေကြောင်းဖြင့်ဗုံးကြဲတိုက်ခိုက်သဖြင့် တော်လှန်ရေးတပ်ဖွဲ့ဝင် သုံးဦးသေဆုံးပြီး ကိုးဦးထိခိုက်ဒဏ်ရာရခဲ့သေးသည်။
အိန္ဒိယ-မြန်မာနယ်စပ် ကလေး-တမူးကားလမ်းမပေါ်တွင်တည်ရှိသည့် ခမ်းပတ်မြို့မှာ ၂၀၂၃ ခုနှစ် နိုဝင်ဘာလ ၇ ရက်နေ့တွင် တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များမှ သိမ်းပိုက်ထိန်းချုပ်ခဲ့သော မြို့ဖြစ်သည်။
သတင်း – Joshua
ဓါတ်ပုံ – CJ
