ကလေးမြို့တွင် စစ်မှုထမ်းရန် တပ်သားသစ်စုဆောင်းပေးနေသူ ၂ ဦးကို PDF ဖမ်းဆီး
Chinland Channel / ၁၃ ဒီဇင်ဘာ ၂၀၂၄
စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ် ၊ နှောညောင်ပင်ကျေးရွာရှိ စစ်ကောင်စီခန့် ရပ်ကျေးအုပ်ချုပ်ရေးမှူးနှင့် သားဖြစ်သူကို ဒေသခံတော်လှန်ရေးတပ်ဖွဲ့များက ဖမ်းဆီးခဲ့ထိန်းသိမ်းထားကြောင်း ကလေးမြို့နယ်ဒေသခံများထံမှ သိရသည်။
ဒီဇင်ဘာလ ၁၂ ရက်နေ့ နံနက်ပိုင်းတွင် ကလေးမြို့နှင့် နှစ်မိုင်ခန့်ကွာဝေးသည့် နှောညောင်ပင်ရွာ အုပ်ချုပ်ရေးမှုး ဦးမောင်ရီ နှင့် သားဖြစ်သူတို့အား စစ်ကောင်စီအတွက် စစ်မှုထမ်းတပ်သား သစ်စုဆောင်းပေးခြင်းကြောင့် ဖမ်းဆီးခဲ့ခြင်းဖြစ်သည်ဟု သတင်းရင်းမြစ်တစ်ဦးက ပြောသည်။
“အုပ်ချုပ်ရေးမှူးသားအဖဟာ ပျူစောထီး ခေါင်းဆောင်လုပ်နေတာ။ ကျေးရွာတွေကို ပိုက်ဆံတောင်းတာ၊ စစ်သားစုဆောင်းတာတွေ လုပ်နေတဲ့သူပါ” ဟု ကလေးဒေသခံတစ်ဦးက ချင်းလဲန်းချန်နယ်ကို ပြောသည်။
ဖမ်းဆီးခံရသူများသည် နှောညောင်ပင် ကျေးရွာအုပ်ချုပ်ရေးမှူး အသက် ၅၀ ကျော်အရွယ် ဦးမောင်ရီနှင့် အသက် ၂၀ ဝန်းကျင်အရွယ် သားဖြစ်သူတို့ ဖြစ်ပြီး သားအဖနှစ်ဦး နွားကျောင်းသွားရင်း လယ်တောထဲတွင် ဒေသခံကာကွယ်ရေးတပ်ဘက်က ဖမ်းဆီးသွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ရပ်ကျေးအုပ်ချုပ်ရေးမှူး သားအဖနှစ်ဦးကို ဖမ်းဆီးသွားသည့် ဒေသခံကာကွယ်ရေး တပ်ရင်း၊ တပ်ဖွဲ့နာမည်နှင့် နောက်ဆက်တွဲအကြောင်းအရာများ မသိရသေးပေ။
အုပ်ချုပ်ရေးမှူး သားအဖ ဖမ်းဆီးခံရပြီးနောက် ကလေးမြို့ပေါ်ရှိ စစ်ကောင်စီတပ်သားများနှင့် တောင်အူရွာမှ ပျူစောထီးများသည် နှောညောင်ရွာထဲသို့ ရောက်ရှိလာကာ မြို့နယ်တောင်ပိုင်းက ကျေးရွာများအား လက်နက်ကြီးများဖြင့် ပစ်ခတ်ခဲ့သေးကြောင်း ဆိုသည်။
ပြီးခဲ့သည့် နိုဝင်ဘာ ၁၅ ရက်ညပိုင်းတွင်လည်း ကလေးမြို့ အောင်သစ္စာရပ်ကွက် ဥက္ကဋ္ဌ ဦးသန်းဌေးသည် အရက်ဆိုင်တွင် ဓားထိုးသတ်ခြင်းခံခဲ့ရသေးကြောင်း သိရသည်။
သတင်း- Joshua
ပုံအညွှန်း။ ။ ကလေးမြို့နယ်၊ နှောညောင်ပင်ကျေးရွာ
